ပခုက္ကူမြို့၌ အသက်၂ လမှ ၁၈ လအအတွင်း ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင် စုစုပေါင်း တစ်ထောင့်သုံးရာကျော်တို့အား ပုံမှန်ကာကွယ်ဆေးထိုးနှံပြီးစီး

 

ပခုက္ကူ ဇူလိုင် ၈

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ ကလေးငယ်များကို ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန် ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို လစဉ်ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြရာ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လအတွင်း အသက် ၂ လမှ ၁၈ လအတွင်း ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်စုစုပေါင်း တစ်ထောင်သုံးရာကျော်တို့အား ထိုးနှံပြီးစီးခဲ့ကြောင်း သိရသည်။

ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြု ဆရာမများက  ပခုက္ကူမြို့၊ ဒေသန္တရ ကျန်းမာရေးဌာနခွဲ (၁)နှင့်(၂)တို့၌ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှစတင်ပြီး အသက်(၂)လမှ(၁၈)အတွင်း ကလေးငယ်များအား ဘီစီဂျီ၊ ပိုလီယို၊ ဝက်သက်-ဂျိုက်သိုး၊ ဆုံဆို့နာ၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)နှင့် ဦးနှောက်အမြှေးရောင်ရောဂါများ ကာကွယ်နိုင်ရန်အတွက် ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ရောဂါကာကွယ် ဆေးထိုးနှံပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ကြရာ ဇူလိုင်လ ၇ ရက်နေ့အထိ ကလေးငယ်(၁၂၄၇)ဦး၊ ကိုယ်ဝန်ဆောင်မိခင်(၇၈)ဦး၊ စုစုပေါင်း(၁၃၂၅)ဦးတို့အား ပုံမှန်ကာကွယ်ဆေး ထိုးနှံပြီးစီးခဲ့ကြောင်း၊ မြို့ပေါ်ရပ်ကွက်များသာမက ကျေးရွာအုပ်စုများတွင် ဆေးထိုးစုရပ်နေရာ သတ်မှတ်ကာ နယ်မြေခံကျန်းမာရေးဝန်ထမ်းများက လစဉ်ပုံမှန်လှည့်လည် ဆောင်ရွက်ပေးလျက်ရှိပြီး ကာကွယ်ဆေးမထိုးရသေးသည့် ကလေးငယ်များအား လာရောက်ထိုးနှံပေးကြရန်၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေဖြင့် ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း ကျန်မာရေးနှင့်ပတ်သက်၍ အလေးထားဆောင်ရွက်ရန်နှင့် ရောဂါလက္ခဏာတစ်ခုခုဖြစ်ပေါ်လာပါက ဆေးရုံ၊ ဆေးခန်းများတွင် အမြန်ဆုံး သွားရောက်ပြသရန် လိုအပ်ကြောင်းတို့ကို အသိပညာပေး ဆောင်ရွက်ကြကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ဘာမီသာ(ပခုက္ကူ)