ဂျပန်နိုင်ငံ ပြန်မောင်သီဟထက်အောင်နှင့် မသင်းရွှေရည်ထက်တို့အား ဂုဏ်ပြုပွဲနှင့်အတွေ့အကြုံများ ရှင်းလင်းပွဲအခမ်းအနား

ထားဝယ် ဇူလိုင်

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အမှတ်()အခြေခံပညာ အထက်တန်းကျောင်းမှ ဂျပန်နိုင်ငံပြန်မောင်သီဟထက်အောင်နှင့် မသင်းရွှေရည်ထက်တို့အား ဂုဏ်ပြုပွဲနှင့်အတွေ့အကြုံများ ရှင်းလင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အမှတ်()အခြေခံပညာ အထက်တန်းကျောင်း ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးသန့်ဇင်က ဂျပန်နိုင်ငံတွင် ကျင်းပ ပြုလုပ်သည့် (Sakura Science High School Program (SSHP) in JFY 2023) မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မြန်မာနိုင်ငံကိုယ်စားပြု ရွေးချယ်ခြင်းခံရသော အ.ထ.က(၁)ထားဝယ်မှ မောင်သီဟထက်အောင်နှင့် မသင်းရွှေရည်ထက် တို့(၂)ဦးကိုဂုဏ်ပြုသော အခမ်းအနားတစ်ခုဖြစ်ပြီး၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ထူးချွန်လူရည်ချွန်(၂)ဦး၏ ဂျပန်နိုင်ငံအတွေ့အကြုံများအား ပြန်လည်မျှဝေသည့် အခမ်းအနားဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဦးတည်ချက် (၁၂)ရပ်ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး လူမှုရေးဦးတည်ချက်(၄)ရပ်အနက် ပညာရေးနှင့်ပတ်သက်ပြီး ခေတ်မီဖွံ့ဖြိုးတိုးတက် သောဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေး အတွက် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်နိုင်ရန် ဘက်စုံပညာရေး ကဏ္ဍမြှင့်တင်ရေးဆိုပြီး ဦးတည်ချက်ချမှတ်ကာ ပညာရေးကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲဘာသာတွဲ အသီးသီးတွင် အမှတ်အများဆုံးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ထူးချွန်ကျောင်းသား၊  ကျောင်းသူ(၃၃)ဦးအား ချီးမြှင့်ဂုဏ်ပြုတဲ့အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့် အညီ ထိုင်းနိုင်ငံသို့ လေ့လာရေးခရီးစဉ် ပို့ဆောင်ပေးခဲ့ကြောင်း၊ ဂုဏ်ပြုချီးမြှင့်ထိုက်သူကို ဂုဏ်ပြုချီးမြှင့်ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ကြောင်း၊ လူငယ်များသည် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်ဖြစ်သည်နှင့်အညီ အနာဂတ်ကြယ်ပွင့်ကလေးများ၏ ဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံတော်၏ ဖွံ့ဖြိုးမှုဖြစ်လေရာနိုင်ငံနှင့် လူမျိုးကို ချစ်မြတ်နိုးသော စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်သော လူကောင်းလူတော်လေးများဖြစ်အောင် ကျောင်းသားလူငယ်အားလုံး ကြိုးစားပြီးပညာသင်ကြားသွား ကြရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးပညာရေး ညွှန်ကြားရေးမှူး ဦးဝင်းနောင်က ဂျပန်နိုင်ငံသို့စေလွှတ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ချီးမြှင့်သည့် ဂုဏ်ပြုဆုငွေကျပ်(၅)သိန်းအားလည်းကောင်း တိုင်းဒေသကြီးပညာရေး ညွှန်ကြားရေးမှူးက ဂုဏ်ပြုမှတ်တမ်းလွှာအားလည်းကောင်း၊ ကျောင်းအုပ်ကြီး ဆရာကြီးက ဂုဏ်ပြုဆုငွေ(၂)သိန်းအားလည်းကောင်း ဂျပန်နိုင်ငံပြန် ကျောင်းသား၊ ကျောင်းသူ(၂)ဦး အားပေးအပ် ချီးမြှင့်သည်။

ဆက်လက်၍ ဂျပန်ပြန် ကျောင်းသား၊ ကျောင်းသူ(၂)ဦးက ဂျပန်နိုင်ငံခရီးစဉ် အတွေ့အကြုံများ ရှင်းလင်းတင်ပြပြီး ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သတင်းရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)