မိုဝိုင်းလွတ် ဇူလိုင် ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ မိုဝိုင်းလွတ်မြို့တွင် တောင်ယာစိုက်ပျိုးရေးကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး ယခုနှစ် မိုးစပါး ရွှေ့ပြောင်း တောင်ယာကို လျာထားချက်ထက် ကျော်လွန်စိုက်ပျိုးထားကြောင်း သိရသည်။
မိုဝိုင်းလွတ်မြို့တွင် ယခင်နှစ် မိုးစပါး ရွှေ့ပြောင်းတောင်ယာ ၅၄၅ ဧကလျာထား စိုက်ပျိုးခဲ့ရာ ယခုနှစ်တွင် မိုစပါးရွှေ့ပြောင်းတောင်ယာ ၆၅၆ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ယခင်နှစ်ထက် ယခုနှစ် မိုးစပါးရွှေ့ပြောင်းတောင်ယာ လျာထားချက်ထက် ၁၁၁ ဧက ကျော်လွန်စိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မိုဝိုင်းလွတ် မြို့ဦးစီးမှူး ဦးထက်အောင်ကျော်ထံမှ သိရသည်။
“ဒီနှစ် မိုဝိုင်းလွတ်မြို့ရုံးမှာ မိုးစပါးလယ်မြေစိုက်ပျိုးရန် ၇၈ ဧကလျားထားပါတယ်။ လက်ရှိအချိန်အထိ လယ်မြေစိုက်ပျိုးထားခြင်း မရှိသေးသော်လည်း လျာထားချက်ပြည့်မီအောင် စိုက်ပျိုးဖို့တောင်သူတွေနဲ့ ဆွေးနွေးလျက်ရှိပါတယ်” ဟု မြို့ဦးစီးမှူး ဦးထက်အောင်ကျော်က ပြောပြသည်။
အဆိုပါလယ်မြေ စပါးစိုက်ပျိုးသူ တောင်သူများနှင့်ရွှေ့ပြောင်းတောင်ယာစပါးစိုက်ပျိုးသူ တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မျိုးကောင်း မျိုးသန့်များရရှိရေး ဆောင်ရွက်ပေးခြင်း၊ ကွင်းသရုပ်ပြပွဲများ ပြုလုပ်ခြင်း၊ နည်းပညာပေးသင်တန်းများ ဖွင့်လှစ်ခြင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ချန်လော (မိုဝိုင်းလွတ်)