ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး တောင်ကလေးပရိယတ္တိ၊ ပဋိပတ္တိသာသနာ့အေးရိပ်သာဆရာတော်အား သွားရောက်ဖူးမြော်၊ ပြည်နယ်အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် စားနပ်ရိက္ခာဖူလုံရေးအတွက် ဝိုင်းဝန်းစိုက်ပျိုးထုတ်လုပ်ကြရန်ပြောကြား

ဘားအံ ဇူလိုင် ၇

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယမန်နေ့နံနက် ၁၁ နာရီ ခွဲက ဘားအံမြို့နယ် တောင်ကလေးပရိယတ္တိ၊ ပဋိပတ္တိသာသနာ့အေးရိပ်သာဆရာတော်အား သွားရောက် ဖူးမြော်ခဲ့ပြီး တောင်ကလေး ပရိယတ္တိ၊ ပဋိပတ္တိ သာသနာ့အေးရိပ်သာ နာယကချုပ်၊ နိုင်ငံတော် ဗဟိုသံဃာ့ ဝန်ဆောင်၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ သီရိပျံချီဒေါက်တာဘဒ္ဒန္တပညာသာမိ (တောမှီရဟန်း) အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။

ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ဆရာတော်အား ဆန်၊ ဆီ၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းပြီး သာသနာရေးဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ လျှောက်ထားခဲ့ကြောင်း သိရသည်။

ထို့တူ ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၅/၂၀၂၃)အား ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ဇူလိုင်လ ၅ ရက်နေ့ နံနက် ၁၀နာရီက ပြုလုပ် ကျင်းပခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ၂၀၂၃-၂၀၂၄ ခုနှစ်၊ ဘဏ္ဍာရေးနှစ်ကာလသည် ယခုအခါ၌ (၃)လကျော်လွန်ခဲ့ပြီဖြစ်၍ ချမှတ်ထားသည့် စီမံကိန်းရည်မှန်းချက်များအား သတ်မှတ်ရည်မှန်းချက်များ အတိုင်း ပြီးစီးရန်လိုကြောင်း၊ ဌာနဆိုင်ရာအကြီးအကဲများအနေဖြင့် မိမိတို့၏ဝန်ကြီးဌာနများအလိုက် ချမှတ် ထားသည့် ရည်ရွယ်ချက်၊ ရည်မှန်းချက်၊ ဥပဒေ၊ နည်းဥပဒေ၊ မူဝါဒများကို လိုက်နာ၍ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရန်လိုကြောင်း၊ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ထားရှိ၍ မည်သည့် လုပ်ငန်းကိုမဆို စေတနာထား၍ ဆောင်ရွက်ကြရန်လိုကြောင်း၊ အုပ်ချုပ်ရေးလျော့နည်းမှုဖြစ်စဉ်များ မဖြစ်ပွားစေရေးအတွက် အထူးကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ သဘာဝဘေးဒဏ်ကြောင့် ထိခိုက် ဆုံးရှုံးမှုများမရှိစေရေး အစဉ်ကြပ်မတ်ဆောင်ရွက်နေရန်လည်း လိုအပ်ပါကြောင်းဖြင့် အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် ယခင်အပတ်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ရှင်းလင်းတင်ပြကြပြီး ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ကျဆင်းရေးတို့အတွက် အားလုံးပူး ပေါင်း ဆောင်ရွက်ရမည့်အခြေအနေများ၊ ဝန်ထမ်းများအနေဖြင့်လည်း မိမိတို့အိမ်ခြံဝင်းများ၌ စားဖိုဆောင် သီးနှံများ စိုက်ပျိုးရေးနှင့် တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်သည့် အခြေအနေ များအား ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပြီး ဆွေးနွေးချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်မှ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

ပြည်နယ် (ပြန်/ဆက်)