ဝါးခယ်မ အောက်တိုဘာ ၁၂
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပ သွားမည်ဖြစ်ရာ ဝါးခယ်မမြို့နယ် အတွင်းရှိ မဲရုံအသီးသီး၌ တာဝန်ထမ်းဆောင်မည့် အထူးရဲ သင်တန်းသားများအား Ag Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါ ရှိ / မရှိ စစ်ဆေးပေးမှုကို ယနေ့ နံနက် ၉ နာရီက အ.ထ.က (၂) ကျောင်း သင်တန်းခန်းမ၌ ပြုလုပ်ခဲ့သည်။
ယင်းသို့ Ag Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါ ရှိ / မရှိ စစ်ဆေးပေးရာတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ဝင်းထက်နှင့် ကျန်းမာရေး ဝန်ထမ်းများက အ.ထ.က (၂) ကျောင်း၌ သင်တန်းတက်ရောက် နေသည့် အထူးရဲ သင်တန်းသား ၁၃၀ အား နှာခေါင်းတို့ပတ် ရယူပြီး ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ရာ သင်တန်းသား အားလုံး ရောဂါပိုး မတွေ့ရှိကြောင်း သိရသည်။
ဝါးခယ်မမြို့နယ်အတွင်းရှိ မဲရုံ ၃၃၃ ရုံ၌ တာဝန်ထမ်းဆောင်မည့် အထူးရဲ ၃၃၃ ဦးသည် ဝါးခယ်မ၊ ကျုံမငေး၊ ရွှေလောင်း၊ ငှက်ပျောချောင်း နယ်မြေလေးခု၌ အောက်တိုဘာ ၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ အထူးရဲသင်တန်းကို တက်ရောက် သင်ကြားလျက်ရှိပြီး ကျန်ရှိသော နယ်မြေသုံးခုရှိ အထူးရဲ သင်တန်းသားများ Ag Test Kit ဖြင့် ကိုဗစ် ၁၉ ရောဂါ ရှိ / မရှိ ဆက်လက် စစ်ဆေးပေးသွားမည် ဖြစ်ကြောင်း သိရသည်။
လွှမ်းသီဟ(ပြန်/ဆက်)