မြဝတီမြို့ရှိ အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ကြေး ပေးအပ်

မြဝတီ ဇူလိုင် ၇

ကရင်ပြည်နယ်၊ မြဝတီမြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ်(ဧပြီ၊မေ၊ဇွန်)လအတွက် အသက်(၈၅)နှစ်နှင့် အထက် အဘိုးအဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က အဖွင့်အမှာစကားပြောကြားရာ ယခုထောက်ပံ့ငွေများအား ဘိုးဘွားများ လက်ဝယ်အရောက် ပေးအပ်ကြဖို့ မှာကြားစေလိုပါကြောင်းဖြင့် ​ပြောကြားသည်။

ထို့နောက် မြဝတီခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသီဟနိုင်က လူမှုရေးပင်စင် ထောက်ပံ့ခြင်းနှင့်စပ်လျဥ်း၍ ရှင်းလင်းတင်ပြပြီး ထောက်ပံ့ကြေးငွေများအား ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်ထံ လွှဲပြောင်းပေးအပ်သည်။

ဆက်လက်၍ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်နှင့် မြဝတီခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသီဟနိုင်တို့က ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံသို့ ထောက်ပံ့ကြေးများ ပေးအပ်သည်။

ယခု ထောက်ပံ့ပေးအပ်ခြင်းသည် ပထမ(၃)လပတ်အတွက် အဘိုးအဘွား ၂၁၂ ဦးတို့အတွက် ၆၃၆၀၀၀၀ ကျပ်တိတိ ထောက်ပံ့ပေးအပ်ခြင်းဖြစ်သည်။

ထိန်လင်းအောင်(ပြန်/ဆက်)