တိုင်းဒေသကြီး ဝန်ကြီးချုပ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ (၈၆) ဘီလီယံဖြင့် ၂၀၂၃ ခုနှစ်၊ မိုးစပါးစီမံကိန်းတွင် ပါဝင်ဆောင်ရွက်ကြမည့် ဝယ်ယူကြိတ်ခွဲ တင်ပို့သူများ၊ သွင်းအားစု ကုမ္ပဏီများနှင့်တွေ့ဆုံ

ပုသိမ် ဇူလိုင် ၇

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ (၈၆)ဘီလီယံဖြင့် ၂၀၂၃ ခုနှစ်၊ မိုးစပါးစီမံကိန်းတွင် ပါဝင်ဆောင်ရွက်ကြမည့် ဝယ်ယူကြိတ်ခွဲ တင်ပို့သူများ၊ သွင်းအားစုကုမ္ပဏီ များနှင့် တွေ့ဆုံပွဲအခမ်းအနားအား ယမန်နေ့ နေ့လယ်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ပြုလုပ်ခဲ့သည်။

တွေ့ဆုံပွဲတွင်တိုင်း ဒေသကြီးဝန်ကြီးချုပ်က “၂၀၂၂-၂၀၂၃ ခုနှစ်၊ နွေစပါးစိုက်ရာသီတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ (၈၆)ဘီလီယံရရှိခဲ့ပြီး နွေစပါးနှင့် ပဲတီစိမ်းစိုက်ပျိုးရန်အတွက် တောင်သူများထံသို့ သွင်းအားစုများ ထောက်ပံ့ပေးခဲ့ပါကြောင်း၊ သွင်းအားစုများ ထောက်ပံ့ ပေးနိုင်ခဲ့သည့်အတွက် နွေစပါးနှင့် ပဲတီစိမ်းများ အထွက်နှုန်းအထိုက်အလျောက် တိုးတက်မှု များရှိခဲ့ပါကြောင်း၊ အထွက်နှုန်းများ တိုးတက်ရန်အတွက်  မျိုး၊ မြေ၊ ရေ၊ နည်း စနစ်တကျ အကောင် အထည်ဖော် ဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊ သွင်းအားစုများအပြည့်အဝ ထည့်သွင်းနိုင်ရေးအတွက် တောင်သူများလက်ဝယ် အချိန်မီရောက်ရှိစေရေး စီမံဆောင်ရွက် ကြရန်၊ ပြီးခဲ့သည့် နွေစပါးစိုက်ရာသီနိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ (၈၆)ဘီလီယံထောက်ပံ့ ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့်အားနည်းချက်၊ အားသာချက်များကို နမူနာယူ၍ ယခု မိုးစပါးစီမံကိန်းတွင် ပိုမိုအောင်မြင်အောင် ဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊ တစ်ဧက အထွက်နှုန်း ပိုမိုတိုးတက် ထွက်ရှိစေရေးနှင့် အရည်အသွေးကောင်းမွန်သည့် ဆန်စပါးများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် Contract Farming စနစ်ဖြင့် အကျိုးတူ ပူးပေါင်းဆောင်ရွက် နိုင်ရေးကိုလည်း ချိတ်ဆက်ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ Contract Farming စနစ်ဖြင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် လာရောက်ရင်းနှီး မြှုပ်နှံမည့် ကုမ္ပဏီများကို လည်း ဖိတ်ခေါ်ပါကြောင်းနှင့် သို့မှသာ ပန်းတိုင်အထွက်နှုန်းရောက်ရှိနိုင်ရေး မြန်မြန် ထက်ထက် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ သွင်းအားစုများ တင်သွင်းသည့်ကုမ္ပဏီများ၊ တောင်သူများများနှင့် ဝယ်ယူကြိတ်ခွဲတင်ပို့သူများအနေဖြင့်လည်း အဆင်ပြေမည်ဖြစ်ပါ ကြောင်း၊ စပါး အထွက်နှုန်းများ တိုးတက်စေရေးအတွက်လည်း တက်ရောက်လာသူများလည်း ဝိုင်းဝန်း ဆွေးနွေးပေးကြစေလိုကြောင်း" အဖွင့်အမှာစကားပြောကြားသည်။ ယင်းနောက် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ(၈၆) ဘီလီယံဖြင့် ဆောင်ရွက်သည့် လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များအား လည်းကောင်း၊ စီးပွားရေးရာဝန်ကြီးက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ (၈)ဘီလီယံနှင့် ပတ်သက်၍ လည်းကောင်း၊ စိုက်ပျိုးရေး ဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးက စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။ ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာသူများ၏ အထွေထွေဆွေးနွေး တင်ပြချက်များနှင့် တိုင်းဟိသဘာဝဇီဝမြေဩဇာကုမ္ပဏီ သဘာဝဇီဝ မြေဩဇာစက်ရုံမှ သဘာဝဇီဝမြေဩဇာ၊ စိုက်ပျိုးမွေးမြူရေးသုံး ဇီဝဖျော်ရည် ထုတ်လုပ်ဖြန့်ဖြူးမှုအခြေအနေများ ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ဆွေးနွေး တင်ပြချက်များအပေါ် သက်ဆိုင်ရာ တာဝန် ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ခရိုင်၊မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ဝယ်ယူကြိတ်ခွဲ တင်ပို့သူများ၊ သွင်းအားစုကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)