ဘိုကလေး ဇူလိုင် ၇
လူငယ်များအတွက် ဘက်စုံကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးနှင့် လူငယ်အချင်းချင်း အသိပညာ၊ ဗဟုသုတ နှီးနှောဖလှယ်နိုင်စေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ဘိုကလေး ပညာရေးဒီဂရီကောလိပ်၊ ပညာဂုဏ်ရည်ခန်းမတွင် ယနေ့နံနက်(၉)နာရီ၌ လူငယ်စကားဝိုင်း ကျင်းပဆောင်ရွက်သည်။
အဆိုပါ လူငယ်စကားဝိုင်းအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘိုကလေးပညာရေးဒီဂရီကောလိပ်တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သီတာအောင်နှင့် ဝန်ထမ်းများ၊ ဘိုကလေးပညာရေးဒီဂရီကောလိပ်၊ ကျောင်းအုပ်ကြီး ဒေါ်ခင်ချိုမြင့်နှင့် ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ၊ နည်းပြများ၊ သင်တန်းသား/သူများ စုစုပေါင်း အင်အား(၁၀၀၀)ခန့် တက်ရောက်ကြသည်။
စကားဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သီတာအောင်က စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့်အတူ လူငယ်များအနေနှင့် စာများများဖတ်ရန် လိုအပ်ကြောင်း၊ အနာဂတ်ရဲ့ ခေါင်းဆောင်များ ဖြစ်လာမည့်လူငယ်များအနေဖြင့် စာပေအသိပညာဖွံ့ဖြိုးတိုးတက် ပြည့်ဝနေပါမှ နိုင်ငံကို အကောင်းဆုံးဦးဆောင်နိုင်မည့်သူများ ဖြစ်လာမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဘိုကလေးပညာရေးဒီဂရီကောလိပ်မှ သင်တန်းသား/သူ (၄)ဦးနှင့်အတူ “လူငယ်နှင့်စာပေ၊ လူငယ်နှင့်ကိုယ်ကျင့်တရား၊ လူငယ်နှင့်မူးယစ်ဆေးဝါး၊ လူငယ်နှင့်အားကစား” စသည့် ခေါင်းစဉ်များဖြင့် ပြည့်စုံစွာဆွေးနွေး ပြောကြားခဲ့ပြီးနောက် ဘိုကလေးပညာရေးဒီဂရီကောလိပ်မှ ပါမောက္ခ ဦးငွေသိန်းမှ ယခုကျင်းပသည့် စကားဝိုင်းသည် လူငယ်များအတွက် တန်ဖိုးမဖြတ်နိုင်သော စကားဝိုင်းတစ်ခုဖြစ်ကြောင်း၊ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခုကဲ့သို့သော စကားဝိုင်းများ မကြာခဏ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း နိဂုံးချုပ်စကားပြောကြားခဲ့သည်။
ဘိုကလေးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ လူငယ်အချင်းချင်း တတ်သိပညာများ နှီးနှောဖလှယ်နိုင်ရေးအတွက် အခြေခံပညာကျောင်းများ၊ လူငယ်အဖွဲ့ အစည်းများနှင့် ချိတ်ဆက်ပူးပေါင်း၍ လူငယ်စကားဝိုင်းများ မကြာခဏကျင်းပဆောင်ရွက်ရန်ရှိကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)