ပခုက္ကူတက္ကသိုလ်၌ ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်သင်ကြား

ပခုက္ကူ ဇူလိုင် ၇

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်ဗုဒ္ဓဘာသာအသင်း၏ စီစဉ်ဦးဆောင်မှုဖြင့် ယဉ်ကျေးလိမ္မာသင်တန်းကို အဆိုပါတက္ကသိုလ်၊ ဓမ္မာရုံ၌ ဇူလိုင်လ ၅ ရက်မှ စတင်ပြီး ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် ပခုက္ကူတက္ကသိုလ်၊ ဘာသာရပ်ဌာနအသီးသီးမှ ကျောင်းသား၊ ကျောင်းသူ (၈၄)ဦးတက်ရောက်ကြပြီး ပခုက္ကူမြို့၊ ဂူတောင်ကျောင်းတိုက် တိုက်အုပ်ဆရာတော်ဦးနန္ဒက အခြေခံဗုဒ္ဓဘာသာရပ်၊ ယဉ်ကျေးခြင်းဆိုင်ရာနှင့် သုံးဆယ့်ရှစ်ဖြာမင်္ဂလာတော်များ၊ လောကနီတိကျင့်ဝတ်များကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၅ ရက်မှ ၉ ရက်နေ့အထိ ငါးရက်တာကာလ စနစ်တကျ သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း၊ အဆင့်မြင့်တက္ကသိုလ်ပညာရပ်များ ဆည်းပူးသင်ယူနေကြသော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းသင်ခန်းစာများအပြင် ပြင်ပစာပေဗဟုသုတများ လေ့လာသိရှိနိုင်စေရန်၊ ကျောင်းသား၊ ကျောင်းသူအချင်းချင်းအကြား၊ ဆရာနှင့်တပည့်များအကြားနှင့်မိဘ၊ လူကြီးသူများနှင့်သား၊ သမီးများအကြား ပေါင်းသင်းဆက် ဆံပြောဆိုရာတွင် ထားရှိရမည့်ဂါရဝတရားများကို လေ့လာသိရှိပြီး လိုက်နာကျင့်သုံးတတ်ကြစေရန် ရည်ရွယ်ဖွင့်လှစ်ပေးခြင်း ဖြစ်ကြောင်း ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က ပြောသည်။

ဘာမီသာ(ပခုက္ကူ)