သရက်ချောင်း ဇူလိုင် ၇
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနမှ ကျင်းပပြုသော အခြေခံငါးမွေးမြူရေးရက်တိုသင်တန်းကို ယမန်နေ့က သရက်ချောင်းမြို့၊ ဆင်ဖြူပြင်ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ ဖွင့်လှစ်ခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခက်ခက်ဝေခိုင်က ရေချိုရေငံငါးထုတ်လုပ်မှု တိုးတက်စေရန်၊ ငါးမွေးနည်းပညာများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တစ်ပိုင်တစ်နိုင်မွေးမြူခြင်းမှ စီးပွားဖြစ်မွေးမြူလိုသူများအဖြစ်သို့ တိုးတက်လာစေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သင်တန်းသား/သူများအား ငါးမွေးမြူရေးလုပ်ငန်းများအကြောင်း၊ ရေသတ္တဝါအမျိုးအစားအလိုက် အခွန်ဆောင်ရမည့် နှုန်းထားများအကြောင်း၊ ကန့်သတ်ထားသော ရေသတ္တဝါများကို ဖမ်းယူ/ရောင်းဝယ်ခြင်းမပြုရန်၊ မွေးမြူရေးကန်များအကြောင်းနှင့် မွေးမြူရေးငါးများပိုးမွှားအန္တရာယ် ကင်းရှင်းစေရန် စနစ်တကျ စီမံခန့်ခွဲရန်၊ ရေသတ္တဝါများ ဖမ်းယူ/ရောင်းချခြင်းနှင့် ပတ်သက်၍ စည်းမျဉ်း/စည်းကမ်းများ အကြောင်းကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြီး အခြေခံငါးမွေးမြူရေး ရက်တို သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဒု-ဦးစီးမှူး ဒေါ်အေးအေးဝါက ငါးမွေးမြူရေးနှင့် ပတ်သက်၍ လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်းခြင်း၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရွိ ဒေါ်နန်းခလိုက်ရှုက သွေးလွန်တုတ်ကွေးရောဂါနှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များကို ရှင်းလင်းပြောကြားပြီး ငါးလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများက ငါးမွေးမြူရေးလက်ကမ်းစာစောင်များနှင့် သင်ထောက်ကူပစ္စည်းများပေးအပ်ကာ အခမ်းအနား ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(သရက်ချောင်း)