မိုးညိုမြို့၌ Biometric အချက်အလက်ကောက်ယူခြင်းလုပ်ငန်းအားဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်းဆောင်ရွက်ပေး

မိုးညို  ဇူလိုင် ၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် နိုင်ငံသားကိုယ်ရေးအချက်အလက် မှန်ကန်စေရေးနှင့် e-Government အကောင်အထည်ဖော်နိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်သည့် ဇီဝအချက် အလက် (Biometric) ကောက်ယူခြင်းနှင့် UID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းမှစ၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ဇောတိက ရပ်ကွက်၊ ဆရာစံလမ်းရှိ မြို့နယ်ပညာရေးမှူးရုံး၌ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းနိုင်နှင့်ဝန်ထမ်းများက မြို့နယ် ပညာရေးမှူးရုံးတွင် မိုးညိုမြို့နယ်အတွင်းရှိအခြေခံပညာကျောင်း(၁၆၆)ကျောင်းမှ ဆရာ/ဆရာမ (၁၄၅၈)ဦးအား ဥပဒေနှင့်အညီ အသက်(၁၀)နှင့်အထက် နိုင်ငံသားဖြစ်ခွင့်ရှိသူများကိုဂဏန်း (၁၀)လုံးပါဝင်သည့် UID ကတ်များပြုလုပ်ပေးနိုင်ရေးအတွက် Biometric အချက်အလက် စိစစ် ကောက်ယူခြင်းနှင့် UID နံပါတ်များ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ပြည်သူများ၏လူမှုစီးပွားရေးဆိုင်ရာကိစ္စရပ်များဆောင်ရွက်ရာ၌ ပိုမိုလွယ်ကူလျင်မြန်လာစေရန်၊ မြန်မာနိုင်ငံအတွင်းနေထိုင်သူများကို စိစစ်နိုင်သည့် တစ်ခုတည်းသောနံပါတ်  Unique ID ထုတ်ပေးရန်၊ Online စနစ်ဖြင့်ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်နေသည့် အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများအတွက် မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးနိုင်မည့်အခြေခံစနစ် တည်ဆောက်ရန်အတွက်ရည်ရွယ်‌ ဆောင် ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ကိုမင်း(ပြန်/ဆက်)