မုံရွာ ဇူလိုင် ၇
မုံရွာစီးပွားရေးတက္ကသိုလ်နှင့် တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ အမှန်တကယ်အကျိုးဖြစ်ထွန်းစေမည့် စားသုံးသူကာကွယ်ရေး နှင့်မူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဟောပြောပွဲများကို ယမန်နေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ရှိ အဆောင်(၈)ခန်းမတွင် ကျင်းပပြုလုပ်ရာ မုံရွာစီးပွားရေးတက္ကသိုလ် ပါမေက္ခချုပ်ဒေါက်တာသီတာကြူနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနနှင့် မူပိုင်ခွင့်ဦးစီးဌာန နေပြည်တော်တို့မှတာဝန်ရှိသူများ၊ တက္ကသိုလ်ကျောင်းသားကျောင်းသူများစုစုပေါင်း (၂၇၀) ဦး တက်ရောက်ခဲ့ကြသည်။
ဦးစွာ အခမ်းအနားတွင် မုံရွာစီးပွားရေးတက္ကသိုလ် ပါမေက္ခချုပ်က နှုတ်ခွန်းဆက် အဖွင့်အမှာစကားပြောကြားပြီးနောက် တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝေဖြိုးထက်က စားသုံးသူ ရေးရာသိကောင်းစရာများနှင့် စပ်လျဥ်းပြီး ဝန်ကြီးဌာန၏ ဆောင်ပုဒ်ဖြစ်သော ဖွံ့ဖြိုးကုန်သွယ်နိုင်ငံကြွယ်နှင့်အညီ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးသူများအတွက် ကုန်စည်ဝန်ဆောင်မှုများနှင့်ပတ်သက်၍ လုံခြုံစိတ်ချမှုရှိစေရန် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့ဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး (၈) ချက်နှင့် တာဝန်များကို အလေးထားဆောင်ရွက်ပေးလျက်ရှိပြီး စားသုံးသူများအနေဖြင့် ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက လွယ်ကူလျင်မြန်စွာ တိုင်ကြားနိုင်ရန် နည်းလမ်းများနှင့် တိုင်ကြားဖြေရှင်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများအားလည်းကောင်း၊ မူပိုင်ခွင့်ဦးစီးဌာန နေပြည်တော်မှ ကုန်အမှတ်တံဆိပ်ဌာနခွဲတာဝန်ခံ ညွှန်ကြားရေးမှူး ဒေါက်တာစိမ့်သန္တာထွန်းက မူပိုင်ခွင့်ဆိုင်ရာသိကောင်းစရာများနှင့် စပ်လျဥ်းပြီးမြန်မာနိုင်ငံတွင် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် ဥပဒေ၊ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ၊ တီထွင်မှု မူပိုင်ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့် ဥပဒေဟူ၍ (၄)ခုပြဌာန်းပြီးဖြစ်ကြောင်း၊ ယှဥ်ပြိုင်မြင့်မားလာသောဈေးကွက်တွင် SME လုပ်ငန်းများမှ တီထွင်ဆန်းသစ်မှုများ တိုးမြှင့်လုပ်ဆောင်လာစေရန် တွန်းအားတစ်ရပ်ဖြစ်ခြင်း၊ မြန်မာနိုင်ငံထုတ်ကုန်ပစ္စည်းများကို ပိုမိုတင်ပို့လာနိုင်ခြင်းအကျိုးကျေးဇူးများအား လည်းကောင်း အသီးသီးအသိပညာပေးဟောပြောခဲ့ကြပြီး တက်ရောက်လာကြသူများ၏ သိရှိလိုသည့်မေးမြန်းဆွေးနွေးမှုများကို ပြန်လည်ဖြေကြားပေးခဲ့ပြီး အခမ်းအနားသို့တက်ရောက်လာကြသူများအား စားသုံးသူရေးရာ အသိပညာပေးလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)