ပွင့်ဖြူ ဇူလိုင် ၇
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ အခြေခံစားသောက်ကုန်ပစ္စည်းများ ဝယ်ယူစားသုံးရာ၌ အစားအစာ ဘေးကင်းလုံခြုံစေရန် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့မစည်ပင်သာယာဈေးသို့ သွားရောက်ပြီး စားသုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ဈေးကော်မတီအဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့မစည်ပင်သာယာဈေးရှိ အခြေခံစားသုံးဆီအရောင်းဆိုင်(၇)ဆိုင်အား သွားရောက်ပြီး လုပ်ငန်းရှင် နှင့်တွေ့ဆုံကာ စားသုံးဆီများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရာ၌ ပြည်သူများ အစားအစာ ဘေးကင်းလုံခြုံစေရေးအတွက် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ ရောင်းချခြင်းမပြုရန် တားမြစ်ထားသော စားသုံးဆီများကို ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်းမပြုရန်၊ ရောင်းချသည့် စားသုံးဆီများတွင် ကုန်အညွှန်းအမှတ်တံဆိပ် ပြည့်စုံစွာ ဖော်ပြပါရှိရေး အလေးထားလိုက်နာဆောင်ရွက်ရန်နှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာသိကောင်းစရာများကို အသိပညာပေး ဆွေးနွေးပြောကြားပြီး ဈေးဆိုင်များအလိုက် ရောင်းချသည့် စားသုံးဆီများတွင် ကုန်အညွှန်းအမှတ်တံဆိပ် ပြည့်စုံမှု ရှိ/မရှိနှင့် အစားအစာ ဘေးကင်းလုံခြုံမှု ရှိ/မရှိတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ပြည်သူများ သက်ရှည်ကျန်းမာစေရန်နှင့် ကျန်းမာရေးအတွက် ဘေးကင်းလုံခြုံစေရန် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က မြို့မစည်ပင်သာယာဈေးအပါအဝင် မြို့နယ်အတွင်းရှိ လူသုံးကုန်၊ ဆေးဝါးနှင့် စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များမှ လုပ်ငန်းရှင်များအား တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများနှင့် သိရှိလိုက်နာရမည့် စည်းကမ်းချက်များကို အသိပညာပေးဆွေနွေးခြင်း၊ ရောင်းချခြင်းမပြုရန် တားမြစ်ထားသော လူသုံးကုန်၊ ဆေးဝါးနှင့် စားသောက်ကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိ ကြပ်မတ်စစ်ဆေးခြင်းတို့ကို အရှိန်အဟုန်မြှင့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံ ဒေါ်ဌေးဌေးဝင်းက ပြောသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ )