နတ်မောက် ဇူလိုင် ၇
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် ပညာရေးဌာနနှင့်ပူးပေါင်း၍ ယနေ့နံနက် (၉)နာရီအချိန်က အလယ်တန်းအဆင့် အင်္ဂလိပ်စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က ကျောင်းသား/သူများအား အင်္ဂလိပ်စာအခြေခံအားနည်းသူများပြားသည့်အတွက် အခြေခံအဆင့်မှစ၍ အင်္ဂလိပ်စာ အရေးအဖတ်အားကောင်းစေရန်၊ လူငယ်/လူရွယ်များအာရုံစူးစမ်းလေ့လာမှုနှင့် ဉာဏ်ပညာဖွံ့ဖြိုးတိုးတက်စေရန်၊ စိတ်လက်ပေါ့ပါးပျော်ရွှင်စေရန်၊ အစုအဖွဲ့အတွင်း ပူးပေါင်းပါဝင်တတ်စေရန်၊ အလေ့အကျင့်ကောင်းမှ အလေ့အထကောင်းများရရှိစေရန် ရည်ရွယ်ချက်များဖြင့် ပြိုင်ပွဲများကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ပြိုင်ပွဲကျင်းပရာတွင် အလယ်တန်းဆင့် ကျောင်းသား/သူ (၂၀)ဦးမှ မိမိတို့နှစ်သက်သည့် ခေါင်းစဉ်များဖြင့် အင်္ဂလိပ်စာဖတ်စွမ်းရည်ပြိုင်ပွဲယှဉ်ပြိုင်ကြပြီး ဆုရရှိသည့် ကျောင်းသား/ သူများအား မြို့နယ်ပြန်/ဆက်ဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဆရာ/မများက ဆုများအသီးသီး ချီးမြှင့်ပေးခဲ့သည်။
လှဝင်း