ပေါက်ခေါင်းမြို့နယ်ရှိ ကျေးရွာများတွင် ရှည်မျှင်ရှည်ဝါနှင့် ဝါကြီးများ စတင်စိုက်ပျိုး

ပေါက်ခေါင်း ဇူလိုင် ၇

ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်အတွင်းရှိ တောင်သူများ၏ လယ်ယာမြေများတွင် ပြီးခဲ့သည့်ဇွန်လဆန်းပိုင်းက စတင်၍ချည်မျှင်ရှည်ဝါနှင့် ဝါကြီးများကို စိုက်ပျိုးလျက်ရှိကြောင်း ဝါစိုက်ပျိုးသည့် တောင်သူများထံမှ သိရသည်။

ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ဝါစိုက်ပျိုးတောင်သူအများစုသည် ဇူလိုင်လဝက်ခန့်တွင် စိုက်ပျိုးကြပြီး၊ မိုးစပါးစိုက်ပျိုးမရနိုင်သည့် လယ်ယာမြေမှ တောင်သူများမှာ ဇွန်လဆန်းပိုင်းက စတင်ထွန်ယက်စိုက်ပျိုးနိုင်ကြောင်း သိရသည်။ ချည်မျှင်ရှည်ဝါ စိုက်ပျိုးရာတွင် အထွက်နှုန်းကောင်းမွန်သည့် ဝါမျိုးများကိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မှာယူစိုက်ပျိုးကြပြီး၊ အချို့တောင်သူများကလည်း ပြင်ပမှဝယ်ယူစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

“ခုနှစ်ချည်မျှင်ဝါကို ဇွန်လဆန်းက စစိုက်ပါတယ် ယာခင်း၊ ကုန်ခင်းတွေပေါ့ မိုးစပါး စိုက်ပျိုးမရတဲ့ နေရာတွေမှာ ခုဆိုစိုက်ပြီး ၂၅ ရက်သားကျော်သွားပြီ၊ဝါမျိုး ကတော့ရွှေတောင်(၈)၊ ငွေချည်(၆)ကို ကျွန်တော်ကိုယ်ပိုင်ယာခင်းမှာ ၆ ဧကစိုက်ပါတယ်၊ ကျေးရွာအုပ်စုတစ်ခုလုံး အနေကတော့ ဧက ၁၀၀ ကျော်စိုက်ပျိုးမှာပါ၊ တချို့တောင်သူတွေလည်းခုမှ ထွန်ယက်စိုက်ပျိုးနေတာလည်း ရှိတာပေါ့၊ ပြီးခဲ့တဲ့နှစ်က ဝါဈေးကောင်းရပါတယ် ၁ ပိသာကို အများဆုံး ကျပ်  ၃၄၀၀ ထိကိုရရှိပါတယ်၊ အထွက်နှုန်းအနေနဲ့ကတော့ ပျမ်းမျှတစ်ဧကကို  ပိသာ ၆၀၀ ကနေ ၇၀၀ ထိထွက်ရှိပါတယ် ခုနှစ်လည်းဈေးကောင်းရရှိမယ်လို့ မျှော်လင့်စိုက်ပျိုးထားပါတယ်” ဟုစောကဲကျေးရွာ ဝါစိုက်ပျိုးတောင်သူ ဦးမောင်လေး ကပြောကြားသည်။

ပေါက်ခေါင်းမြို့နယ်တွင် ယခုနှစ်စိုက်ပျိုးရာသီ၌ ချည်မျှင်ရှည်ဝါနှင့် ဝါကြီးစုစုပေါင်း ၇၅၀၀ ဧကလျာထား စိုက်ပျိုးမည်ဖြစ်ပြီး၊ ဇူလိုင် ၅ ရက်နေ့အထိ ၁၈၀၄ ဧကစိုက်ပျိုးပြီးစီးနေပြီ ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)