မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဒေသခံပြည်သူများ ယာဉ်အန္တရာယ်ကင်းစွာ သွားလာနိုင်ရေး လမ်းပခုံးချဲ့ခြင်း လုပ်ငန်းများဆောင်ရွက်

ပွင့်ဖြူ ဇူလိုင် ၇

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ဒေသခံပြည်သူများ ယာဉ်အန္တရာယ်ကင်းစွာ သွားလာနိုင်ရေးအတွက် ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ခွင့်ပြုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ပွင့်ဖြူမြို့၊ ပုန်းညက်လမ်းအား လမ်းဘေး (ဝဲ၊ ယာ) ကွန်ကရစ်လမ်းပခုံးချဲ့ခြင်း လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပွင့်ဖြူမြို့၊ ပုန်းညက်လမ်း(ကွန်ကရစ်လမ်း)မှာ ယခင်က လမ်းအကျယ်ပေ ၁၂ ပေသာ ရှိသဖြင့် လမ်းကျဉ်း၍ ဒေသခံပြည်သူများ သွားလာအသုံးပြုရာ၌ အဆင်မပြေမှုများ ကြုံတွေ့နေရကြောင်း သိရ၍ ယခု ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဌာန၏ခွင့်ပြုငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၁၂ သန်းဖြင့် ပွင့်ဖြူမြို့၊ ပုန်းညက်လမ်း (ကွန်ကရစ်လမ်း)တွင် အရှည်ပေ  ၆၀၀ လမ်းဘေး(ဝဲ၊ ယာ)တစ်ဖက်လျှင် ၃ ပေစီနှင့် လမ်းအမြင့်ထု ၆ လက်မရှိ လမ်းပခုံး ကွန်ကရစ် ချဲ့ခင်းခြင်း၊ လမ်းအရှည်ပေ ၂၄၀ အား လမ်းဘေး(ဝဲ ၊ ယာ)တစ်ဖက်လျှင် ၂ ပေစီ လမ်းအမြင့်ထု ၆ လက်မရှိ လမ်းပခုံးကွန်ကရစ် ချဲ့ခင်းခြင်းလုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံ အင်ဂျင်နီယာ ဦးဇော်မင်းဦး၏ ကြီးကြပ်မှုဖြင့် ဇူလိုင် ၄ ရက်နေ့က လုပ်ငန်းစတင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယနေ့နံနက်ပိုင်းတွင် လမ်းပခုံးချဲ့ခြင်းလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးသွားပြီဖြစ်၍ ဒေသခံပြည်သူများ ရာသီမရွေး အဆင်ပြေစွာ ကူးလူးဖြတ်သန်း သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေနဲ့ မြို့ပြအင်္ဂါရပ်နှင့်အညီ  သန့်ရှင်းသာယာ လှပစေရန်အတွက် နှစ်စဉ်နှစ်တိုင်းဌာန၏ ခွင့်ပြုရန်ပုံငွေအပေါ်မူတည်ပြီး မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ ယခု ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်မှာလဲ ခွင့်ပြုငွေလုံးငွေရင်းရန်ပုံငွေနဲ့ ဒေသခံပြည်သူတွေ သွားလာရေး အဆင်ပြေစေရန်အတွက် ပွင့်ဖြူမြို့၊ ပုန်းညက်လမ်း(ကွန်ကရစ်လမ်း)ကို လမ်းပခုံးချဲ့ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး ယနေ့ဆိုရင် လုပ်ငန်းဆောင်ရွက်ပြီးစီးပြီဖြစ်ပါတယ်။ နောက်ထပ်လဲ မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်း တွေဖြစ်တဲ့ လမ်း/တံတားလုပ်ငန်းတွေ၊ ရေစီးရေလာကောင်းမွန်စေဖို့  ရေမြောင်းပြုလုပ်ခြင်းလုပ်ငန်းတွေ အပါအဝင် အခြားဖွံ့ဖြိုးရေးလုပ်ငန်းများကိုလဲ ပြုလုပ်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ယခုဘဏ္ဍာရေးနှစ်မှာဆိုရင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်း ၃၅ ခုကို ခွင့်ပြုငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၂၃၈ ဒသမ ၈၀ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်"ဟု ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်က ပြောသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )