ဟားခါး ဇူလိုင် ၇
ချင်းပြည်နယ်အတွင်း မိုခါဆိုင်ကလုန်းဒဏ်ကြောင့် ပျက်စီးသွားသည့် လူနေအိမ်အဆောက်အဦ (၉၂၆)လုံးအတွက် သွပ်၊ သံ၊ သစ်ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က အမှာစကား ပြောကြား ရာတွင် မိုခါမုန်တိုင်း တိုက်ခတ်မှုနှင့် ပတ်သက်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဦးစားပေး အဆင့်အလိုက် ဆောင်ရွက်ခဲ့ပါကြောင်း၊ ဆက်သွယ်ရေးလှိုင်း ပြတ်တောက်မှုများကို ဦးစားပေး ဆောင်ရွက်ခဲ့ရာ ယခင်ထက် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် ပျက်စီးမှုစာရင်းဇယားများကို ကောက်ယူခဲ့ရာ ပျက်စီးမှုနှင့် ဆုံးရှုံးမှုတန်ဖိုးတွက် ချက်များကို အချိန်မီတင်ပြနိုင်ခဲ့ပါကြောင်း၊ ပျက်စီးသွားသည့်စာသင်ကျောင်းများကို ကျောင်းဖွင့်ရက် အမီ ပြုပြင်နိုင်ခဲ့ပါ ကြောင်း၊ ယခုအခမ်းအနား၌ ပျက်စီးသွားသည့်လူနေအိမ် (၉၂၆) လုံးအတွက် ထောက်ပံ့မှုများကို ပြည်သူလူထုလက်ဝယ်အရောက် အမြန်ဆုံးရောက်ရှိအောင် ပူးပေါင်းဆောင်ရွက် ရန်နှင့် ချင်းပြည်နယ်ငြိမ်းချမ်းရေး၊ အေးချမ်းသာယာရေးအတွက် ပြည်သူလူထု အားလုံးပူးပေါင်းဆောင်ရွက်ပေးရန် အမှာစကား ပြောကြားပြီး ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်က အမှာစကားပြောကြားသည်။
ဆက်လက်၍ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က ချင်းပြည်နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ပျက်စီးသွားသည့် လူနေအိမ် အဆောက်အဦးများအတွက် ထောက်ပံ့ငွေကျပ် ၃၇၂ ဒဿမ ၈၂၄ သန်းအား ပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်က လက်ခံရယူသည်။
ထို့နောက် ချင်းပြည်နယ်အတွင်း မြို့နယ်(၆) မြို့နယ်ရှိ မိုခါမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးသွားသည့် အဆောက်အဦများအတွက် ထောက်ပံ့ငွေများ ပေးအပ် ခြင်းကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ဟားခါးမြို့နယ်အတွက် ငွေကျပ် ၂၉ ဒဿမ ၈၃၀ သန်းအား ပေးအပ်ရာ ဟားခါးခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်စိုးလွင်ကလည်းကောင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်က ဖလမ်းမြို့နယ်အတွက် ငွေကျပ် ၂၂ ဒဿမ ၆၇၅ သန်းအား ပေးအပ်ရာ ပြည်နယ်အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးထွန်းသိန်းကလည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းက တီးတိန် မြို့နယ်အတွက် ငွေကျပ် ၆ ဒဿမ ၁၆၀ သန်းအား ပေးအပ်ရာ ပြည်နယ်အစိုးရအဖွဲ့ရုံး ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်လွင်က လည်းကောင်း၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး စိုးလွင်မိုးက မတူပီမြို့နယ်အတွက် ငွေကျပ် ၂၂၄ ဒဿမ ၆၄၅ သန်းအားပေးအပ်ရာ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသီဟံစိုးက လည်းကောင်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှက ပလက်ဝမြို့နယ်အတွက် ငွေကျပ် ၆၄ ဒဿမ ၇၃၉ သန်းအားပေးအပ်ရာ ပြည်နယ်အစိုးရအဖွဲ့ရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးတင့်လွင်က လည်းကောင်း၊ စီးပွားရေးရာ ဝန်ကြီး ဦးဟန်ကျင့်ဇမ်း က မင်းတပ် မြို့နယ်အတွက် ငွေကျပ် ၂၄ ဒဿမ ၇၇၅ သန်းအားပေးအပ်ရာ ဟားခါးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးအောင်က လည်းကောင်း အသီးသီးလက်ခံရယူကြ သည်။
ယင်းနောက် ချင်းပြည်နယ်အတွင်း မိုခါဆိုင်ကလုန်းမုန်တိုင်းကျရောက်ချိန်တွင် မြို့နယ် (၆) မြို့နယ်အတွင်း စွမ်းစွမ်းတမံ ကူညီဆောင်ရွက်ပေးခဲ့သော လူမူရေး အဖွဲ့အစည်းများအတွက် တစ်မြို့နယ် လျှင် ငွေကျပ် ၅ သိန်းနှုန်းဖြင့် ထောက်ပံ့ငွေကျပ် သိန်း ၃၀ ကို သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်းက ပေးအပ်ရာ ဟားခါးမြို့နယ်လူမှုကူညီရေးအသင်းမှ ဦးသျှန်နွမ်းမောင်က လက်ခံရယူပြီး ဟားခါးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)