ပွင့်ဖြူမြို့နယ်၌ ဝန်ထမ်းများအား e-ID စနစ်ဖြင့် ဇီဝဆိုင်ရာ ကိုယ်ရေးအချက်အလက် ကောက်ယူခြင်းလုပ်ငန်း အရှိန်အဟုန်မြှင့် ဆောင်ရွက်

ပွင့်ဖြူ ဇူလိုင်

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ဦးစီးမှူးရုံးက e-ID စနစ်အသုံးပြု၍ နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက် (Biographic)နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းလုပ်ငန်းများကို  အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က မြို့နယ်ဦးစီးမှူးရုံး၌ စုရပ်ပြုလုပ်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပညာရေးဌာနတို့မှ ဝန်ထမ်းများ၏ ဇီဝဆိုင်ရာကိုယ်ရေး အချက်အလက်များကို  စနစ်တကျ ကောက်ယူဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းကောက်ယူရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပွင့်ဖြူမြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူး က e-ID စနစ် အသုံးပြု၍ ကိုယ်ရေးအချက်အလက်(Biographic)နှင့် ဇီဝဆိုင်ရာ အချက်အလက်(Biometric) ကောက်ယူခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ လိုအပ်သည့်အထောက်အထားများနှင့် ရရှိခံစားရမည့်အကျိုးကျေးဇူးများကို ဦးစွာရှင်းလင်းဆွေးနွေးပြောကြားပြီး ဝန်ထမ်းများအဖွဲ့က မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပညာရေးဌာနတို့မှ ဝန်ထမ်းများ၏ဦးတည်အုပ်စုအလိုက် အမည်စာရင်းရယူထားသူ ၁၂၃ ဦးကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ယူဆောင်လာစေပြီး Biographic Data နှင့် Biometric Data များကို စနစ်တကျကောက်ယူ၍ Database တွင် သိမ်းဆည်းပြီးမတူညီဂဏန်း(၁၀)လုံး ပါဝင်သည့် Unique ID နံပါတ်သတ်မှတ်ကာ ကတ်ပြားများကို စနစ်တကျ ထုတ်ပေးခဲ့ကြသည်။

ပွင့်ဖြူမြို့နယ်၌ e-ID စနစ်အသုံးပြု၍ နိုင်ငံသားတစ်ဦးချင်းစီ၏ ဇီဝဆိုင်ရာ ကိုယ်ရေးအချက်အလက်များ ကောက်ယူခြင်းလုပ်ငန်းကို ဇွန်(၂၃)ရက်နေ့ကစပြီး မြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူး၏ကြီးကြပ်မှုဖြင့် ဝန်ထမ်းများအဖွဲ့က ဦးတည်အုပ်စုများခွဲ၍ နေ့စဉ်ကောက်ယူဆောင်ရွက်လျက်ရှိကြောင်းသိရပြီး ထိုသို့ဇီဝဆိုင်ရာ ကိုယ်ရေးအချက်အလက် ကောက်ယူခြင်းလုပ်ငန်း လျာထားမှုအနေဖြင့် ဝန်ထမ်းအင်အားစာရင်း ကျား/မ ၂၃၂၉ ဦး၊ အသက်(၁၀)နှစ်နှင့်အထက် အတူနေ ဝန်ထမ်းမိသားစု ကျား/မ ၄၄၃၆ ဦး၊ အသက်(၁၀)နှစ်နှင့်အထက် ကျောင်းသားကျောင်းသူ ၈၅၀၈ ဦး၊ ပုဂ္ဂလိကဘဏ်ရှိ ဝန်ထမ်းဦးရေ  ကျား/မ ၁၆၆ ဦး၊ နိုင်ငံပိုင် စက်ရုံ/အလုပ်ရုံရှိ ဝန်ထမ်းဦးရေ ၆၈၄ ဦး၊ ပုဂ္ဂလိကပိုင် စက်ရုံ/အလုပ်ရုံရှိ ဝန်ထမ်းဦးရေ ၂၂၃ ဦး၊ ဘုန်းတော်ကြီး ကျောင်းနှင့် သီလရှင်ကျောင်းတို့မှ သာသနာ့ဝန်ထမ်းဦးရေ ကျား/မ ၁၅၂၁ ဦး၊ စုစုပေါင်းဦးရေ ကျား/မ ၁၇၈၆၇ ဦး ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပွင့်ဖြူမြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူးက ပြောသည်။၊

ထိုသို့ နိုင်ငံသားတစ်ဦးချင်းစီ၏ ဇီဝဆိုင်ရာ ကိုယ်ရေးအချက်အလက်များကို ကောက်ယူဆောင်ရွက်ပေးခြင်းဖြင့် ပြည်သူများ၏ လူမှုစီးပွားရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူမြန်ဆန်လာစေရန်၊ မြန်မာနိုင်ငံအတွင်း နေထိုင်သူများကို စိစစ်နိုင်သည့် တစ်ခုတည်းသောနံပါတ် Unique ID ထုတ်ပေးရန်၊ Online စနစ်ဖြင့် ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်နေသည့် အစိုးရနှင့်ပုဂ္ဂလိကအဖွဲ့အစည်းများအတွက် မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးနိုင်မည့် အခြေခံစနစ်တစ်ခု တည်ဆောက်သွားနိုင်မည်ဖြစ်၍ အကျိုးကျေးဇူးများစွာ ရရှိစေမည်ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောသည်။  

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )