ရွှေဘို အောက်တိုဘာ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် ကြိုတင်ဆန္ဒမဲများ ပေးနိုင်ရေးအတွက် ကြိုတင်မဲပုံး (၃) ပုံးအား အောက်တိုဘာလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်က လုံခြုံရေးကြိုးများဖြင့် ချိတ်ပိတ်ခြင်းကာ မြို့တော်ခန်းမတွင် ထားရှိပြီးဖြစ်ကြောင်း မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ရုံးက သိရှိရသည်။
အဆိုပါ ကြိုတင်မဲပုံး(၃)ပုံးနှင့်ပတ်သက်၍ ယနေ့အချိန်ထိ ကြိုတင်မဲပုံး (၁-၁)တွင် ပြည်တွင်းကြိုတင်မဲ လျှောက်ထား သူဦးရေ(၁၉)ဦးနှင့် ကြိုတင်မဲပုံး(၁-၂)တွင် တပ်မတော်သား များနှင့် အတူနေအိမ်ထောင်စုဝင်များအတွက် ကြိုတင်မဲလျှောက်ထား သူဦးရေ (၃၀၁)ဦး ရှိကြောင်း၊ ကြိုတင်မဲပုံး(၁-၃)တွင် ပြည်ပမှ တောင်းဆိုလာသည့် ကြိုတင်မဲ လျှောက်ထား သူဦးရေ (၂၆၈)ရှိကြောင်းနှင့် ၎င်းကြိုတင်မဲပုံး(၃)ပုံးကို တက်ရောက်လာသော ပါတီ(၈)ခု၏ ရှေ့တွင် လုံခြုံရေးကြိုးများဖြင့် ချိတ်ပိတ် ဆောင်ရွက်ခဲ့ကြောင်း ရွှေဘိုမြို့နယ်ရွေးကောက်ပွဲ အရာရှိ ဒေါ်ရွှေရည်ဝင်းအိ ထံမှသိရသည်။
ဆက်လက်၍ ရွှေဘိုမြို့နယ်အတွင်း၌ မဲဆန္ဒနယ်မြေ(၂) ခုရှိပြီး မဲရုံပေါင်း(၁၇၁)ရုံ စီစဉ်ထား ကြောင်းနှင့် မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ဦးရေမှာ လက်ရှိဒုတိယအကြိမ် ထုတ်ပြန်ထားသည့် စာရင်းအရ(၂၂၀၀၅၅)ဦးရှိကြောင်း၊ အဆိုပါမဲဆန္ဒရှင်စာရင်းများကို မြို့ပေါ်ရပ်ကွက် များနှင့်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် အောက်တိုဘာလ(၁)ရက်နေ့မှ စ၍ ဒုတိယ အကြိမ် ကပ်ထားကြေညာလျက်ရှိရာ (၁၄)ရက်အကြာ ကပ်ထားကြေညာထားရှ ိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ထွန်းမြင့်အောင်(ရွှေဘို)