ပခုက္ကူ ဇူလိုင် ၇
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ပခုက္ကူတက္ကသိုလ်၊ အောင်သပြေဆောင်ရှေ့၌ ယမန်နေ့နံနက် ၈ နာရီအချိန်က ၂၀၂၃ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပွဲကျင်းပပြုလုပ်ခဲ့သည်။
ပထမဦးစွာ ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးအောင်က “ရာသီဥတုပြောင်းလဲခြင်းနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာပြဿနာများဖြေရှင်းရန် နည်းလမ်းအမျိုးမျိုးရှိသည့်အနက် သစ်ပင်များ စိုက်ပျိုးခြင်းနှင့် သစ်တောများထိန်းသိမ်းခြင်းသည် အရိုးရှင်းဆုံး၊ အလွယ်ကူဆုံး၊အထိရောက်ဆုံး၊ ကုန်ကျစရိတ်အသက်သာဆုံး၊ သဘာဝနှင့်လိုက်လျောညီထွေအဖြစ်ဆုံးဖြစ်သည့်အတွက် သစ်တောထိန်းသိမ်းခြင်း လုပ်ငန်းများကို တစ်ဦးတစ်ယောက်ချင်းမှစ၍ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်အဖွဲ့အစည်းများအလိုက် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်စေလိုကြောင်း၊ သစ်ပင်စိုက်ပျိုးခြင်းသည် လူသားတို့အတွက် အထောက်အပံ့ကောင်းများ ရရှိစေသည့်အပြင် သဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေး၊ သစ်တောသယံဇာတများရေရှည်တည်တံ့ရေးနှင့် သဘာဝဘေးအန္တရာယ်များကြောင့်ပြိုကျပျက်စီးခဲ့သည့် သစ်တောသစ်ပင်များနေရာတွင် အစားထိုးစိုက်ပျိုးပြုစုထိန်းသိမ်းနိုင် ရေးတို့အတွက်များစွာ အကျိုးဖြစ်ထွန်းစေသောကြောင့် နှစ်အလိုက်သစ်ပင်များစိုက်ပျိုးရေးနှင့် စိုက်ပျိုးပြီးသစ်ပင်များရှင်သန် ဖြစ်ထွန်းရေးတို့ကို ဆရာ၊ဆရာမများနှင့်ကျောင်းသား၊ကျောင်းသူအားလုံးက ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက် ရန်လိုအပ်ကြောင်း” တိုက်တွန်းအမှာစကားပြောကြားသည်။
ဆက်လက်၍ ပခုက္ကူခရိုင်စီးမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးအောင်နှင့်တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများထံ စိုက်ပျိုးမည့် သစ်ပင်မျိုးများပေးအပ်ရာ ပခုက္ကူတက္ကသိုလ်ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
အဆိုပါ ၂၀၂၃ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပခုက္ကူတ္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာ တင်ထွန်းအောင်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ဘာသာရပ်ဌာနအသီးသီးမှ ပါမောက္ခ(ဌာနမှူး)များနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြပြီး ကျွန်း ၁၈၄ပင်၊ ရင်းမာ ၁၆၅ပင်၊ ခရေ ၉၅ပင်၊ ကုလားကုက္ကိုလ် ၈၁ပင်၊ ဆီသပြေ ၇၃ပင်၊ ပန်းချယ်ရီ ၅၀ပင်၊ မယ်ဇယ် ၃၆ပင်၊ မဲဇလီ ၂၃ပင်၊ စုစုပေါင်း ၇၀၇ပင်တို့ကို စုပေါင်းစိုက်ပျိုးကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)