ကျွန်းစု ဇူလိုင် ၇
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန တို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအား ယမန်နေ့ နံနက် (၁၀) နာရီအချိန်က အ.ထ.က(ခွဲ)ကမ်းကြီးကျောင်း၌ အသိပညာပေးဟောပြောပွဲကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးသန္တာဖြိုး က အာဇာနည်နေ့ဖြစ်ပေါ်လာပုံနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်သီနွဲ့က ကလေးအလုပ်သမား ပပျောက်ရေးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာများအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားမှူးဒေါ်ပပထွန်းက အားကစားအမျိုးအစားများနှင့် အားကစားပြုလုပ်ခြင်းဖြင့်ရရှိမည့် အကျိုးကျေးဇူးများအား ရှင်းလင်း ပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဗိုလ်ချုပ်အောင်ဆန်း၏ အတ္တုပ္ပတ္တိ၊ မိန့်ခွန်းကောက်နုတ်ချက်များနှင့် အသိပညာပေး နံရံကပ်စာစောင်များအားပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)