ပေါက်ခေါင်း ဇူလိုင် ၇
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ ဖလှယ်တတ်စေရန်အတွက် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက အထက(ဓမ္မသော်)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင် ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူးရဲမှူး ကိုကိုနိုင်နှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးတို့က အမှာစကားများပြောကြားပြီး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ကိုကိုနိုင်က ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာများအကြောင်းကို အသိပညာပေးပြောကြားခဲ့သည်။ ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ချစ်နှင်းသုန်က လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များဖြစ်သော ကျောင်းသား၊ ကျောင်းသူလူငယ်မောင်မယ်များ အသိပညာများ တိုးတက်လာစေရန်၊ ပရိတ်သတ်ရှေ့တွင် ပြောရဲဆိုရဲရှိတတ်စေရန်နှင့် လူငယ်အချင်းချင်းရင်းနှီးချစ်ခင်မှုများ တိုးပွားလာစေရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားပြီး၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြူကြူခိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင်ပါဝင်သည့် ကျောင်းသား၊ ကျောင်းသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချစ်နှင်းသုန်က ဦးဆောင်မိတ်ဆက်ပေးပြီး၊ ဆွေးနွေးပွဲစတင်ကျင်းပခဲ့ရာ လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့် Grade-11(B)မှ မောင်သဲအောင်ချစ်က လည်းကောင်း၊ လူငယ်နှင့်ကျန်းမာရေးခေါင်းစဉ်ဖြင့် Grade-11(A)မှ မဟေမာန်စိုးကလည်းကောင်း၊ လူငယ်နှင့်မူးယစ်ဆေးခေါင်းစဉ်ဖြင့် Grade-10(A)မှ မောင်ဟန်ညီညီဇော်ကလည်းကောင်း၊ လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဉ်ဖြင့် Grade-10(A)မှ မပွင့်ကေခိုင်ကျော်ကလည်းကောင်း အသီးသီး ဦးဆောင်ဆွေးနွေးခဲ့ကြသည်။ ထိုသို့ ဆွေးနွေးပြောကြားမှုအကြောင်းအရာများအပေါ် သိရှိလိုသည့်မေးခွန်းများကို ကျောင်းသား၊ ကျောင်းသူလေးများက မေးမြန်းရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့သည်။ အဆိုပါလူငယ်စကားဝိုင်းသို့ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၂၃၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)