လှိုင်းဘွဲ ဇူလိုင် ၆
ကျေးလက်နေပြည်သူများ၏ လူနေမှုအဆင့်အတန်းမြှင့်မားလာစေရေး၊ စီးပွားရေးမြှင့်မားလာစေရေး၊ သဘာဝပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေရှိသော နေချင်စဖွယ် စံပြကျေးရွာများဖြစ်ပေါ် လာစေရေး၊ ကျေးရွာသူ/သားများနှင့် ကျေးရွာအသင်းအဖွဲ့များ စွမ်းဆောင်ရည်မြှင့်မားလာ စေခြင်းဖြင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုကို ဖော်ဆောင်နိုင်ရန် ရည်ရွယ်၍ ကရင်ပြည်နယ်၊ လှိုင်းဘွဲ မြို့နယ်၊ ကြာအင်းကျေးရွာအုပ်စု၊ ကြာအင်းကျေးရွာရှိဘုန်းတော်ကြီးကျောင်း ဓမ္မာရုံခန်းမ၌ ယမန်နေ့ ညနေ(၁)နာရီအချိန်က ခေတ်မီစံပြကျေးရွာ (Smart Village) ထူထောင်နိုင်ရေး စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါ ရှင်းလင်းခြင်းအခမ်းအနား၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်းက တိုင်းဒေသကြီး/ပြည်နယ် (၁) ခုလျှင် ကျေးရွာ (၃)ရွာကို ဘဏ္ဍာရေးနှစ်အလိုက် ရွေးချယ်ရကြောင်း၊ ကြာအင်းကျေးရွာကို ခေတ်မီစံပြကျေးရွာ(Smart Village)ထူထောင်နိုင်ရေးအတွက် ရွေးချယ်ရသည့် ရည်ရွယ်ချက်များကို ရှင်းပြခဲ့သည်။ ထို့နောက် ဘားအံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဇော်က စီမံကိန်းနှင့်ပတ်သက်သည့် အချက်အလက်များကို ရှင်းလင်းပြောကြား ပြီးနောက် စီမံကိန်းတွင်ပါဝင်သော မြို့နယ်အဆင့် ဌာနဆိုင်ရာအလိုက် လုပ်ငန်း တာဝန်များကို ဌာနတာဝန်ခံများက ရှင်းပြပေးခဲ့ပြီးနောက် ကျေးရွာသူ/သားများက ကျေးရွာ အတွက်လိုအပ်သည်များကို တင်ပြခဲ့ကြရာ သက်ဆိုင်ရာဌာနတာဝန်ခံများက ပြန်လည်ရှင်းပြ ဆွေးနွေးပေးခဲ့ကြသည်။
၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ်အတွင်း လှိုင်းဘွဲမြို့နယ်၊ ကြာအင်းကျေးရွာတွင် ခေတ်မီစံပြကျေးရွာ (Smart Village) ထူထောင်နိုင်ရေးအတွက် ကျေးရွာအခြေခံအဆောက် အအုံများဖွံ့ဖြိုးရေး၊ သွင်းအားစုနှင့် ငွေကြေးဝန်ဆောင်မှုများထောက်ပံ့ခြင်း၊ အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးရေးနှင့် ကျေးရွာစီးပွား ရေးမြှင့်မားစေခြင်း၊ နည်းပညာဖြန့်ဖြူးခြင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စသည့်လုပ်ငန်းများကို ဆောင်ရွက်ရန်လျာထားလုပ်ငန်းများအဖြင့် ခန့်မှန်းကုန်ကျမည့်ငွေ စုစုပေါင်း (၃၁ ဒဿမ ၄) ကျပ်သန်းကို ပြည်ထောင်စုရန်ပုံငွေ၊ ခေတ်မီစံပြကျေးရွာထူ ထောင်ရေးစီမံကိန်းရန်ပုံငွေ၊ VDP စီမံကိန်းရန်ပုံငွေ အရင်းအမြစ်များဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောကျော်နိုင်ထွန်းထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)