ရှမ်းရွာသစ် ဇူလိုင် ၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း ၏ အကျိုးကျေးဇူးများအကြောင်း သိရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီ အချိန်က လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာမ ဒေါက်တာ မတင်ဝင်း၏ "အလုပ်ဆို တာအင်အားပါ" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရ သည်။
ရှေးဦးစွာ မြို့ဦးစီးမှူး ဒေါ်ဇင်မိုးအေးက စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် စာပေများဖတ်ရှုလေ့လာသည့် အလေ့အကျင့်များ ရရှိစေခြင်း၊ စာပေများဖတ်ရှုလေ့လာ ခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားလာခြင်း၊ တစ်ဦးနှင့်တစ်ဦး အတွေးအခေါ်အယူအဆများ နှီးနှောဖလှယ်နိုင်ခြင်း စသည့်အကျိုး ကျေးဇူးများရရှိ သောကြောင့် စာပေများဖတ်ရှုလေ့လာရန်လိုအပ်ကြောင်း စသည်ဖြင့် ရှင်းလင်း ဆွေးနွေးပြီးနောက် Book Club အဖွဲ့ဝင် ဦးရီဝင်းက ယနေ့လူငယ်အများစုသည် အလုပ်၏ အင်အားကို မျက်ကွယ်ပြုကာ မရောင်ရာဆီလူးရင်း အဖိုးတန်အချိန်များကို ဖြုန်းတီးနေသူများ အလွန်များကြောင်း၊ မိမိ၏ကိုယ်ပိုင်အတွေး၊ ကိုယ်ပိုင်ခံစားမှု၊ ကိုယ်ပိုင်လေ့ကျင့်မှုတို့ကို တိုးတက်အောင် ကြိုးစားရန်အချိန်နှင့် ကြိုးစားချင်သည့် ဆန္ဒများသည် သူတစ်ပါးထံမှ အခွင့်အရေးကို ရနိုးရနိုး စောင့်ရင်း ကုန်ခန်းတတ်ကြောင်း၊ လောကဓံ၏ အလှည့်အပြောင်းများနှင့် ဆက်တိုက် ကြုံဆုံရသည့်အချိန်တွင် မိမိ၏စိတ်အင်အားကို မိမိမြှင့်တင်ရမည်၊ မိမိ အားကို မိမိမည်ကဲ့သို့ ပြန်၍ မွေးမြူရမည်ဆိုသည့် အကြံကောင်း၊ ဉာဏ်ကောင်းများထွက်ရန်၊ ကြိုးစားရန် လိုအပ်ကြောင်း စသည်ဖြင့် စာအုပ်တွင်ပါရှိသည့် အကြောင်းရာများကို လူငယ်များ မှတ်သားထားရန်အတွက် အကျဉ်းချုပ်ဆွေးနွေးခဲ့သည်။
ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း (Book Club) အဖွဲ့နှင့် ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို တစ်လလျှင် (၂)ကြိမ်ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)