မင်းဘူး(စကု)မြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းလုပ်ငန်းများ အပတ်စဉ်ဆောင်ရွက်

မင်းဘူး ဇူလိုင် ၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ အမှတ်(၁၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး မြို့နယ်အတွင်းရှိ စာသင်ကျောင်းများ၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများကို အပတ်စဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မင်းဘူး(စကု)မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား/ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းဝေးစေရေး၊ ယာဉ်၊ လမ်းအန္တရာယ် မဖြစ်ပွားစေရေးနှင့် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ သွားလာနေထိုင်တတ်စေရေးတို့အတွက် ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ အန္တရာယ် သတိပေးလမ်းညွှန်ချက်များ၊ တားမြစ်ခြင်း၊ ကန့်သတ်ခြင်းလမ်းညွှန်များ၊ အမိန့်ပေးလမ်းညွှန်များ၊ မော်တော်ဆိုင်ကယ် မောင်းနှင်သူနှင့် လိုက်ပါစီးနင်းသူများ လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များ၊ ဦးစားပေးယာဉ်များ၊ မော်တော်ယာဉ် မောင်းနှင်သူနှင့် ယာဉ်နောက် လိုက်ပါစီးနင်းသူများလိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များကို အပတ်စဉ် အသိ ပညာပေးဟောပြော ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း မင်းဘူးမြို့ အမှတ်(၁၈)ယာဉ်ထိန်းရဲ တပ်ဖွဲ့စုမှူးရုံးမှ ဒုရဲအုပ် ဝေလင်းနိုင်က ပြောသည်။

ထို့သို့ဆောင်ရွက်ရာတွင် ယမန်နေ့က မင်းဘူး(စကု)မြို့နယ် ကျောက်တန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းနှင့် မင်းဘူးမြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) မြို့မကျောင်းတို့၌ ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ ပေါင်း (၂၅၀)ကျော်ကို ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)