ပုသိမ် ဇူလိုင် ၆
ခရိုင်အဆင့်၊ တိုင်းဒေသကြီးအဆင့်မှသည် နိုင်ငံ့လက်ရွေးစင်များအထိ ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်အားကစားသမားများ ထွက်ပေါ်လာစေရန်ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၈) ခရိုင်၊ အသက် ၁၉ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအား ယမန်နေ့ညနေပိုင်းက ကိုးသိန်းအားကစားကွင်း၌ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ ဘောလုံးဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။
အသက် ၁၉ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ယနေ့ကျင်းပသည့် ဘောလုံးပြိုင်ပွဲအား ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်အသီးသီးမှ ဘောလုံးအားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုခိုင်မာလာစေရေး၊ ခရိုင်တစ်ခုနှင့်တစ်ခု အပြန်အလှန် ပူးပေါင်းဆောင်ရွက်လာနိုင်စေရေး အစရှိသည့် ရည်ရွယ်ချက်များအပြင် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ထူးချွန်ထက်မြက်သည့် အမျိုးသမီးဘောလုံးအားကစားသမားကောင်းများ ပေါ်ထွက်လာစေရေးကို ရည်ရွယ်ပြီး ကျင်းပပြုလုပ်သည့် ပြိုင်ပွဲဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး အမျိုးသမီးဘောလုံးအသင်းများသည် အောင်မြင်မှုအစဉ်အလာများရှိသည့် အသင်းများဖြစ်ပါကြာင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလတွင် ကျင်းပခဲ့သည့် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ၌ ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် ဒုတိယ၊ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပခဲ့သည့် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင်လည်း တတိယဆုများ ရရှိနိုင်အောင် စွမ်းဆောင်ပေးနိုင်ကြောင်းကိုလည်း တွေ့ရှိရမှာဖြစ်ပါကြောင်း၊ ဘောလုံးအားကစားနည်းသည် လူကြီး၊ လူငယ်၊ အမျိုးသား၊ အမျိုးသမီးမရွေး ကမ္ဘာနှင့်အဝှမ်း စိတ်ပါဝင်စားပြီး အားပေးချီးမြှင့်မှု အများဆုံးဖြစ်သည့် အားကစားနည်းတစ်ရပ်ဖြစ်သကဲ့သို့ အနိုင်ရဗိုလ်စွဲသည့် ဘောလုံးအသင်းအား သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြုကြသည်မှာ အားလုံးအသိပင်ဖြစ်ပါကြောင်း၊ အားကစားဆိုသည်မှာ “ခွန်အားနှင့်ဉာဏ်ရည်ကို အသုံးချပြီး လှုပ်ရှားယှဉ်ပြိုင်မှု”ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည့်အတွက် ယှဉ်ပြိုင်မှုပြင်းထန်လာသည့်အခါ ကစားသမားများအနေဖြင့် သတ်မှတ်ထားသည့် ဥပဒေများကို လိုက်နာရမည်ဖြစ်ပြီး စည်းကမ်းသေဝပ်မှု၊ တရားသော ယှဉ်ပြိုင်အနိုင်ရရှိမှုကို ကျင့်သုံးရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲယှဉ်ပြိုင်နေစဉ်အတွင်းတွင်လည်း ပြိုင်ဘက်အသင်းအား သည်းခံမှု၊ စိတ်ရှည်မှု၊ နားလည်မှုရှိပြီး ရှုံးခဲ့လျှင်လည်း အရှုံးကိုကျေနပ်စွာ လက်ခံပြီး ပြိုင်ပွဲပြီးစီးသည်အထိ ယှဉ်ပြိုင်ရဲသည့် ကြံ့ခိုင်သော စိတ်ဓာတ်ရှိရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ ယခုပြိုင်ပွဲမှတစ်ဆင့် မိမိတို့၏ခရိုင်၊ မိမိတို့ တိုင်းဒေသကြီး၏ ဂုဏ်ကိုဆောင်နိုင်ပြီး နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများဖြစ်အောင် ကြိုးစားဆောင်ရွက်ရန်လိုပါကြောင်း တိုက်တွန်းမှာကြား၍ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၈) ခရိုင်၊ အသက် ၁၉ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲအား ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ စစ်ကြောင်းမှူးဦးဆောင်သည့် ပြိုင်ပွဲဝင်အသင်းများက ဝန်ကြီးချုပ်အား အလေးပြုခြင်းနှင့် အားကစားသစ္စာအဓိဌာန် (၄)ချက်အား ရွတ်ဆိုခြင်းများကို ဆောင်ရွက်ခဲ့ကြပြီးနောက် ပြိုင်ပွဲဝင်အသင်းများက ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဖွင့်ပွဲစဉ်အဖြစ် ကျုံပျော်ခရိုင်အသင်းနှင့် ပုသိမ်ခရိုင်အသင်းတို့၏ အကြိတ်အနယ် ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးခဲ့သည်။ အဆိုပါဘောလုံးပွဲစဉ်များအား ယခုလ (၅)ရက်နေ့မှ (၁၄)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)