ရှမ်းရွာသစ်မြို့တွင် ရာသီမရွေးစားသုံးနိုင်သော သဘာဝမျှစ်ထုပ်များ ရောင်းအားကောင်းလာ

ရှမ်းရွာသစ် ဇူလိုင် ၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် မျှစ်များဈေးနှုန်းအတက်အကျမရှိဘဲ ရောင်းအားကောင်းလာခြင်းနှင့် အတူ တစ်ပိုင်တစ်နိုင် ရာသီမရွေး စားသုံးနိုင်သော မျှစ်ထုပ်လုပ်ငန်းလုပ်ကိုင်သူ များလာကြောင်း ဒေသနေပြည်သူတစ်ဦးထံမှ သိရသည်။

ရှမ်းရွာသစ်မြို့တွင် မိုးရာသီကာလရောက်လျှင် ရာသီစာမျှစ်များ တူးဖော်ရောင်းချသူများလာပြီး ရာသီမရွေးစားသုံးနိုင်သော မျှစ်များထုပ်ပိုးရောင်းချရန်အတွက် မျှစ်များကို တစ်တင်းခွဲအိတ် တစ်အိတ်လျှင် ငွေကျပ် (၁၅၀၀၀)ကျပ် ပေးဝယ်ရကြောင်း၊ မြို့ပေါ်ရပ်ကွက်များတွင် သာမက ကျေးရွာအုပ်စုများရှိ ဒေသနေ ပြည်သူအများစု၏ နေအိမ်များတွင် မျှစ်များကို တာရှည်ခံစားသုံးနိုင်ရန် အတွက် ပွက်ပွက်ဆူနေသည့် ရေနွေးအိုးထဲတွင် (၁၀)မိနစ်ခန့် ထည့်ပြုတ်ရကြောင်း၊ ပြုတ်၍ ရရှိသော မျှစ်များကို တာရှည်ခံဆေးများမသုံးစွဲဘဲ သဘာဝအတိုင်းသာ အအေးခံ၍ ပလတ်စတစ်အိတ် ထဲတွင် လေလုံအောင် ထုပ်ပိုးပြင်ဆင်ပြီး ထားသိုရကြောင်း၊ မျှစ်(၅)ချောင်းပါ တစ်ထုပ်လျှင် ငွေကျပ် (၅၀၀)မှ (၁၀၀၀)ထိရရှိပြီး ရောင်းချရကြောင်း၊ နှစ်စဉ်ဈေးနှုန်းများ မတက်ဘဲ ပုံမှန်ဈေးဖြင့်သာ ရောင်းချသဖြင့် ဝယ်လိုအားကောင်းပြီး အဆင်ပြေသောကြောင့် ဒေသနေပြည်သူအများစု မျှစ်ထုပ် ပြုလုပ်သည့်လုပ်ငန်းကို တစ်ပိုင်တစ်နိုင် လုပ်ကိုင်ကြောင်း၊ ဒေသနေပြည်သူအများစုသည် ပုံစံအမျိုးမျိုးဖြင့် စားသုံးသောကြောင့် နှစ်စဉ်၎င်းလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်ကြကြောင်း ဒေသနေပြည်သူတစ်ဦးထံမှ သိရသည်။

ဇင်လေး(ပြန်/ဆက်)