သံတောင်ကြီး ဇူလိုင် ၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့သည် တော်ပေါ်မြို့ဖြစ်သည့် အားလျော်စွာ သစ်၊ ဝါးများ သဘာဝအတိုင်း ပေါက်ရောက်ရှင်သန်ကြသည်။ မိုးတွင်း အချိန်တွင် သဘာဝအတိုင်း အလေ့အထပေါက်သည့် ရာသီစာမျှစ်များ ဝယ်လိုအားကောင်းခြင်းကြောင့် ဒေသခံပြည်သူများက လိုက်လံချိုးယူရောင်းချရာ မိသားစု အပိုဝင်ငွေရရှိကြောင်း သိရသည်။
သံတောင်ကြီးဒေသထွက် မျှစ်များမှာ ဉယျာဉ်ခြံများနှင့် တောတောင်များတွင် သဘာဝပေါက်ရောက်ပြီး မျှစ်ပေါ်ချိန် ဇူလိုင်လတွင် ဒေသခံပြည်သူများက လိုက်လံ ချိုးယူရောင်းချကာ သံတောင်ကြီး မြို့ရှိ မျှစ်အဝယ်ဒိုင်များထံတွင် ရောင်းချကြရာ တစ်ပိဿာကို ကျပ် (၅၀၀) ရရှိကြကြောင်း သိရသည်။ မျှစ်ပေါ်ချိန်တွင် လူတစ်ဦးသည် တစ်ရက်လျှင် မျှစ်ပိဿာ (၁၀၀) အထိ ချိုးယူရရှိသည့်အတွက် ငွေကျပ် (၁၅၀၀၀) အထိရရှိခြင်းကြောင့် မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေ လျက်ရှိကြောင်း မျှစ်လိုက်လံချိုးယူရောင်းချသူ ဦးစောသန်းနိုင်ထံက သိရသည်။
အဆိုပါ သံတောင်ကြီးမြို့ရှိ မျှစ်အရောင်းအဝယ်လုပ်ကိုင်သူများက တောင်ငူမြို့ မျှစ်ရောင်းဝယ်လုပ် ကိုင်သူများထံ ပြန်လည်ရောင်းချခဲ့ပြီး တောင်ငူမြို့ရှိ မျှစ်ရောင်းဝယ်သူ လုပ်ကိုင်သူများက မြန်မာနိုင်ငံအနှံ့သို့ ပြန်လည်တင်ပို့ရောင်းချကြကြောင်း သိရသည်။
နော်နော်မူ