မြိတ်မြို့တွင် အစားအစာဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် အသိပညာပေးသင်တန်း ဖွင့်လှစ်

မြိတ် ဇူလိုင် ၆

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ အစားအစာဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် အသိပညာပေးသင်တန်း (၁/၂၀၂၃) ကို မြိတ်မြို့မြန်အောင်ရပ်ရှိ ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ် ရုံးခန်းမတွင် ယမန်နေ့က ဖွင့်လှစ်ခဲ့သည်။

“သင်တန်းဖွင့်လှစ်ရတဲ့ အဓိကရည်ရွယ်ချက်က မြိတ်ခရိုင်သည် ရေငန်ငါး အများဆုံးထုတ်လုပ်တဲ့ ဒေသဖြစ်ပါတယ်။ ဒေသတွင်းစက်ရုံတွေမှ ထုတ်လုပ်ပြီး နိုင်ငံခြားအထိ တင်ပို့ပါတယ်။ တင်ပို့အစားအစာတွေကို ဘေးအန္တရာယ်ကင်းရှင်းသော အစားအစာများဖြစ်ဖို့ အဓိကလိုအပ်ပါတယ်။ နိုင်ငံတကာမှာလည်း ဘေးအန္တရာယ် ကင်းရှင်းသော အစားအစာများဖြစ်ဖို့အတွက်ကို စည်းမျဉ်းစည်းကမ်း Guide Line တွေ ချမှတ်ပြီးသော ဆောင်ရွက်နေတာဖြစ်ပါတယ်။ Guide Line ကို စက်ရုံလုပ်သားတွေအကုန်လုံး သိရှိလိုက်နာနိုင်ဖို့ အသိပညာပေးသင်တန်း ဖွင့်လှစ်ရခြင်းဖြစ်ပါတယ်”ဟု ငါးလုပ်ငန်းဦးစီးဌာန မြိတ်ခရိုင် ဦးစီးမှူး ဦးဇော်မင်းဦးက ပြောသည်။

သင်တန်းကို မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်က အမှာစကားပြောကြား၍ ဖွင့်လှစ်ပေးပြီး တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး ဦးသက်စိုးက ရေထွက်ကုန်များကို တန်ဖိုးမြှင့် ထုတ်ကုန်အဖြစ်ထုတ်လုပ်ရာတွင် အရည်အသွေးကောင်းမွန်အောင် ဆောင်ရွက်ကြရန် ပြောကြား သည်။ ထိုနောက်  ငါးလုပ်ငန်းဦးစီးဌာန  ခရိုင်ဦးစီးမှူးက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး သင်တန်းစတင်ခဲ့သည်။

“သင်တန်းမှာ စာတွေ့လက်တွေ့ပေါင်းစပ်ပို့ချမှာဖြစ်ပါတယ်။ သင်တန်းကို ရေထွက်ပစ္စည်း ပြုပြင်ထုတ် လုပ်စက်ရုံ (၁၄) ရုံ၊ ငါး/ပုစွန်/ကဏန်း မွေးမြူရေးကန် (၅) ကန်တို့မှ သင်တန်းသား စုစုပေါင်း (၁၁၁) ဦး တက်ရောက်ပါတယ်။ သင်တန်းမှာ Guide Line တွေနဲ့ပတ်သက်ပြီး နိုင်ငံတကာ အတွေ့အကြုံပညာရှင် ဆရာတွေမှပို့ချမယ်။ တကယ်ပို့ချလိုက်တဲ့ စာတွေနဲ့ စက်ရုံကိုသွားမယ်။ စက်ရုံတွေမှာ ဒီလိုမျိုးလက်တွေ့နယ်ပယ်မှာ ဘယ်လိုကျင့်သုံးရမယ် ဆိုတာအထိကို ပို့ချသင်ကြားသွားမှာ ဖြစ်ပါတယ်” ဟု ငါးလုပ်ငန်းဦးစီးဌာန မြိတ်ခရိုင်ဦးစီးမှူးက ဖြည့်စွက်ပြောကြားသည်။

သင်တန်းတွင် ငါး/ပုစွန်ပြုပြင်စက်ရုံများ လိုက်နာရမည့် ကောင်းမွန်သော ကျန်းမာရေးနှင့် ညီညွတ်သည့် ထုတ်လုပ်မှုကျင့်စဉ်၊ ငါး/ပုစွန် ထုတ်လုပ်မှုလုပ်ငန်း အဆင့်ဆင့်တွင် လိုက်နာဆောင်ရွက်ရမည့် “စံ” သန့်ရှင်းရေး ဆိုင်ရာနည်းလမ်းများ၊ ရေထွက်ပစ္စည်းများတွင် ဘေးဥပဒ်အန္တရာယ်ဖြစ်စေနိုင်သော အချက်များကို စိစစ် ဖော်ထုတ်၍ ထိန်းချုပ်ဆောင်ရွက်ခြင်း စသည့်သင်ခန်းစာများကို ဇူလိုင် (၅) ရက်မှ (၇) ရက်အထိ သင်ကြားပေးသွားမည် ဖြစ်ပြီး စက်ရုံများသို့ ကွင်းဆင်း၍ လက်တွေ့လေ့လာ သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

ခိုင်ထူး