နတ်မောက်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် မိုးဦးနှမ်းများအောင်မြင်ဖြစ်ထွန်း၍ အထွက်နှုန်းကောင်းရန် မျှော်လင့်

နတ်မောက် ဇူလိုင် ၆

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် မေလ ၁၄ရက်နှင့် ၁၅ ရက်များတွင် မိုခါမုန်တိုင်းကြောင့် ရွာသွန်းခဲ့သည့် မိုးဖြင့်စိုက်ပျိုးခဲ့သော မိုးဦးနှမ်းများ အောင်မြင်ဖြစ်ထွန်း၍ အထွက်နှုန်းကောင်းရန် မျှော်လင့်နေကြောင်း သိရသည်။

ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် မိုးဦးနှမ်းစိုက်ပျိုးရာတွင် ချုံကျော်(အဖြူ) ခွေလေးနီ (အနီ) နှမ်းနက်မျိုးများစိုက်ပျိုးကြပြီး တောင်သူအများစုအနေဖြင့် ချုံကျော်(အဖြူ)နှမ်းမျိုးကိုသာ စိုက်ပျိုးကြသည် ကိုတွေ့ရသည်။

တောင်သူများအနေဖြင့် မိုးဦးစိုက်ပျိုးရာသီတွင် စိုက်ပျိုးကြသော နှမ်းများကို မေလ (၂၀)အတွင်း စိုက်ပျိုးနိုင်လျှင် အပင်ဖြစ်ထွန်းမှုရှိပြီး အထွက်နှုန်းကောင်းကြောင်း ရှေးဘိုးဘေများလက်ထက်ကပင် အယူရှိကြ၍  ၂၀၂၃- မိုးရာသီတွင်  မိုခါမုန်တိုင်းကြောင့် ရွာသွန်းခဲ့သောမိုးရေဖြင့် မေ (၂၀)ရက်အတွင်း စိုက်ပျိုးနိုင်ခဲ့သဖြင့် မိုးဦးစိုက်သီးနှံများ အပင်ဖြစ်ထွန်းမှုရှိခဲ့ကြောင်း၊ သီးနှံများ အပွင့်၊ အသီးများ စတင်ဖူးပွင့်ချိန် ဇွန်လတွင် မိုးရွာသွန်းမှုနည်းပါးခြင်းကြောင့် ကုန်မြေဆန်သော လယ်မြေများတွင် အသီးအပွင့်များ  အပြည့်အဝ သီးပွင့်မှုအားနည်းသွားကြောင်း၊  ဇူလိုင်လ ၅ ရက်နေ့ညနေ မိုးရွာသွန်းမှုကြောင့် ဖြစ်ထွန်းလျက်ရှိတဲ့ မိုးဦးနှမ်းများ အထွက်နှုန်းကောင်းရန် မျှော်လင့်လျက်ရှိကြောင်း ကြူအိုင်ကျေးရွာမှ တောင်သူ ဦးတင်ငွေက ပြောသည်။

နတ်မောက်မြို့နယ်အတွင်းရှိ တောင်သူများသည် မိုးဦးရာသီတွင် ဆီထွက်သီးနှံများဖြစ်သည့် နှမ်း၊ မြေပဲများအပြင် ချည်မျှင်ရှည်ဝါ၊ ပဲတီစိမ်း၊ ငရုတ် နှင့် သီးညှပ်အဖြစ် ပဲစဉ်းငုံ၊ နေကြာများကိုလည်း စိုက်ပျိုးကြကြောင်း သိရသည်။

မူမူစန်း (ပြန်/ ဆက်)