ကော့သောင်း ၊ အောက်တိုဘာ ၁၂
မြို့စိမ်းလန်းစိုပြေသာယာလှပရေး မြို့ခံပရဟိတအဖွဲ့တစ်ခုဖြစ်သည့် ကမ်းနီးအဖြူရောင် ပရဟိတအဖွဲ့နှင့် သစ်ပင်ချစ်မြတ်နိုးသူများ စုပေါင်းကာ ယမန်နေ့ ညနေပိုင်းက ကော့သောင်းမြို့၊ ဘုရင့်နောင်ရုပ်တုကုန်းမြေနှင့် ဆိပ်ကမ်းသားလမ်းဘေး တစ်လျှောက် အရိပ်ရအပင်နှင့် ပန်းအလှပင်များ စိုက်ပျိုးခဲ့ကြကြောင်းသိရသည်။
မိုးရာသီအတွင်း အပင်များရှင်သန်ကြီးထွားရန် ကောင်းမွန်သည့်အချိန်ဖြစ်ရာ အရိပ်ရ ပန်းအလှပင်များဖြစ်သည့် စိန်ပန်းပြာ၊ စိန်ပန်းနီ၊ တပေဘူရ၊ ချယ်ရီပင်များကို ကော့သောင်းမြို့၏ ပြည်သူများအနားယူအပန်းဖြေရာ ဖြစ်သည့် ဘုရင့်နောင်ရုပ်တု ကုန်းမြေနှင့် ဆိပ်ကမ်းသာလမ်းဘေးတစ်လျှောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကမ်းနီးအဖြူရောင်ပရဟိတအဖွဲ့နှင့် သစ်ပင်ချစ်မြတ်နိုးသူများ စိုက်ပျိုးကြခြင်း ဖြစ်သည်။
အလားတူ မြို့၏ အထင်ကရနေရာများ၊ အများပြည်သူ အပန်းဖြေရာနေရာများ၊ မြို့သို့လာရောက် လည်ပတ်သည့် ခရီးသွားဧည့်သည်များ ဝင်ထွက်သွားလာများပြား လေ့ရှိသည့် နေရာများတွင်လည်း ရှားပါးပန်းအလှပင်များ ဆက်လက်စိုက်ပျိုးရန် စီစဉ်ထား ကြောင်း ကမ်းနီးအဖြူရောင်ပရဟိတအဖွဲ့ခေါင်းဆောင် ဦးမိုးတိမ်၏ ပြောကြားချက် အရသိရသည်။
ကျော်စိုး (ကော့သောင်း)