မုံရွာ ဇူလိုင် ၆
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းသီးနှံများ ပန်းတိုင်အထွက်နှုန်း တိုးမြှင့်ထွက်ရှိရေးနှင့် သားငါးဥထုတ်လုပ်မှု မြင့်မားရေးတို့အတွက် ဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နေလည်ပိုင်းက တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုး၊ တိုင်းဒေသကြီး၊ ခရိုင်နှင့်မြို့နယ်စိုက်ပျိုးရေး ကြီးကြပ်ညှိနှိုင်းမှုအဖွဲ့များ တက်ရောက်ခဲ့ကြ သည်။
ဦးစွာ အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး၊ တက်ရောက်လာသော တိုင်းဒေသကြီး၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခြံတာဝန်ခံများမှ ဌာနအလိုက် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား အသီးသီးရှင်းလင်း ဆွေးနွေးခဲ့ကြသည်။
ဆက်လက်ပြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက တိုင်းဒေသကြီးအတွင်းရှိ မွေးမြူရေးလုပ်ငန်းများ ပိုမိုတိုးချဲ့ဆောင်ရွက်၍ တိုင်းဒေသကြီးအတွင်း အသား၊ ငါးများ လုံလောက်စွာရရှိရေး၊ စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိအောင် ဆောင်ရွက်ပြီး ဆန်၊ ဆီ၊ ပဲ ဖူလုံမှု ရရှိအောင် ဆောင်ရွက်ရန်နှင့် စိုက်ပျိုးရေးကဏ္ဍနှင့် မွေးမြူရေးကဏ္ဍတိုးတက်ရေး အခြားဌာနဆိုင်ရာများမှ လိုအပ်သည်ကို ကူညီဆောင်ရွက်ပေးရန် နိဂုံးချုပ်စကား ပြောကြားခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်းသိရသည်။
အဆိုပါ ဆွေးနွေးပွဲအား စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အဓိကသီးနှံများ၏တစ်ဧက ပန်းတိုင်အထွက်နှုန်းရရှိရေး၊ စိုက်ဧကများ လျာထားချက်ပြည့်မီအောင် ဆောင်ရွက်နိုင်ရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး၊ တိုင်းဒေသကြီး၏ ဆန်၊ ဆီ၊ ပဲ ဖူလုံမှုရရှိစေရေးနှင့် အသား၊ ငါးများ လုံလောက်စွာရရှိရေးစသော ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)