ဟိုင်းကြီးကျွန်း ဇူလိုင် ၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ယာဥ်အန္တရာယ်ဖြစ်ပွားမှုမရှိစေရန်နှင့် မူးယစ်ဆေးဝါးသုံးစွဲမှုမရှိစေရန်ရည်ရွယ်၍ ယာဥ်စည်းကမ်းလမ်းစည်းကမ်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နေ့လယ်(၁၀း၀၀)နာရီအချိန်တွင် အ.ထ.က ဟိုင်းကြီး အခြေခံပညာအထက်တန်းကျောင်း၊ မြကျွန်းသာဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူးဦးကောင်းစံမှ ယာဉ်မတော်တဆထိခိုက်မှု အန္တရာယ်ကြောင့် ပြည်သူတို့၏ အသက်နှင့် လူမှုစီးပွားဘဝဆုံးရှုံးမှုများ၊ ဒဏ်ရာရရှိမှုများ၊ ယာဉ်ကြောင့်ဖြစ်ပေါ်သော သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများနှင့် မူးယစ်ဆေးဝါး အန္တရာယ်ကင်းစင်ရေး ကျောင်းသားလူငယ်များ လိုက်နာရမည့်အချက်များ၊ မူးယစ်ဆေးဝါးကြောင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ စသည့်အကြောင်းအရာများကို အသိပညာပေး ဟောပြောခဲ့သည်။
ဆက်လက်ပြီး ဟိုင်းကြီးကျွန်းမြို့ နယ်မြေရဲစခန်း စခန်းမှူးရဲအုပ်စိုးစိုးမင်းမှ လမ်းညွှန်အမှတ်အသားများ၊ သတ်မှတ်ထားသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ၊ ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှုနဲ့ သေဆုံးမှုတွေဖြစ်စဉ်များနှင့်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးခြင်းနှင့် အရေးယူဆောင်ရွက်ခြင်းအခြေအနေများအား အသေးစိတ်ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး မူးယစ်ဆေးဝါး အမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်း အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါး အန္တရာယ်ကင်းစင်ရေး ကျောင်းသားလူငယ်များ လိုက်နာရမည့်အချက်များနှင့် မူးယစ်ဆေးဝါးသုံးစွဲပါက တရားဥပဒေအရထိရောက်စွာ အရေးယူခံရမည့်အခြေအနေများအား အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ဌာနဆိုင်ရာအကြီးအကဲများနှင့် အ.ထ.က ဟိုင်းကြီး အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူနှင့် ဆရာ/ဆရာမ စုစုပေါင်း(၂၂၅)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လှိုင်မျိုးအောင်(ပြန်/ ဆက်)