ဓနုဖြူ ဇူလိုင် ၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်း၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင် ထူးချွန်ကျောင်းသား/သူများနှင့် ဆရာ/ဆရာမများအား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ပညာ့ဗိမာန်ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားကို ကျောင်းသား/ကျောင်းသူများမှ မြန်မာ့ကျောင်းသီချင်းဖြင့် သီဆို ဖျော်ဖြေဖွင့်လှစ်ခဲ့ပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးမြင့်ကျော်က အဖွင့် အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ အ.ထ.က(၂)၊ ဓနုဖြူကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုချိုငြိမ်းက ဂုဏ်ပြု ဆုချီးမြှင့်ခြင်း အခမ်းအနားပြုလုပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော (၃)ဘာသာဂုဏ်ထူးရှင် (၃)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင် (၁)ဦး၊ ရိုးရိုးအောင် ကျောင်းသား/ကျောင်းသူ(၁၃)ဦးနှင့် ဂုဏ်ထူးရရှိ အောင် သင်ကြားပေးခဲ့သော ဆရာ/ဆရာမများအား တက်ရောက်လာသော ဌာနဆိုင်ရာ အကြီးအကဲများမှ ဆုများအသီးသီးချီးမြှင့်ပေးခဲ့ပြီး ကျောင်းသား/ကျောင်းသူများမှ ဇာတိမာန် သီချင်းဖြင့် သီဆိုကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)