ဟိုင်းကြီးကျွန်း ဇူလိုင် ၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ငါးသယံဇာတများ မပြုန်းတီးစေရေးအတွက် ငါးလုပ်ငန်းဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ငါးသယံဇာတထိန်းသိမ်းရေးအသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်တွင် ကျုံကူးကျေးရွာအုပ်စု၊ ကျုံကူးကျေးရွာ စတုဘုံမိကဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပုသိမ်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးအေးနိုင်မှ မေ၊ဇွန်၊ဇူလိုင်လများသည် ငါးရစ်၊ ငါးသန်ကာလဖြစ်ပြီး ငါးများမိတ်လိုက်၊ ဥချ၊ သားပေါက်သည့် ရာသီချိန်ဖြစ်ပါသဖြင့် အဆိုပါရာသီတွင် တားမြစ်ငါးဖမ်းကိရိယာများဖြင့် ငါးဖမ်းဆီးခြင်း၊ ပိုက်စိမ်းဘဝင်းထောင်ခြင်း၊ ဘတ္တရီ ရှော့တိုက်၊မိုင်းခွဲ၊အဆိပ်ချ၍ ငါးဖမ်းဆီးခြင်း၊ကမ်းနီးတရွတ်ဆွဲ၍ ငါးဖမ်းဆီးခြင်း၊ ငါးမန်းဖမ်းဆီး ခြင်း၊ ငါးမျှားစင်္ကြာဖြင့် ငါးဖမ်းဆီးခြင်း၊ သတ်မှတ်အတိုင်းအတာနှင့် မပြည့်မှီသောဂဏန်းများ ဖမ်းဆီးခြင်းတို့ကို မပြုလုပ်ကြရန်နှင့် ထိုသို့ပြုလုပ်၍ဖမ်းဆီးပါကငါးသယံဇာ တများပြုန်းတီး သွားပြီးနောင်တွင် ငါးသယံဇာတရှားပါးလာမှုများနှင့် ရင်ဆိုင်ကြရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားသည်။
ဆက်လက်ပြီး ဟိုင်းကြီးကျွန်းမြို့ မြို့အုပ်ချုပ်ရေးမှူးဦးကောင်းစံမှ ကမ်းဝေးငါးဖမ်းသင်္ဘောများ အနေဖြင့် သတ်မှတ်ထားသော ကမ်းဝေးငါးဖမ်းဧရိယာများတွင် သာငါးဖမ်းကြရန်နှင့် ငါးများ မိတ်လိုက်၊ ဥချ၊ သားပေါက်သည့် ရာသီချိန်များတွင် တားမြစ်ဧရိယာနှင့်တာမြစ်ငါးဖမ်းကိရိယာများဖြင့် ငါးဖမ်းဆီးပါက တရားဥပဒေအရ ထိရောက်စွာအရေးယူခံရမည် ဖြစ်ကြောင်းပြောကြား ပြီး ပုသိမ်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးသဲမောင်မောင်မှ ငါးသယံဇာတများသည် ဂေဟစနစ်ကိုထိန်းသိမ်းရာတွင်လည်း အရေးပါသောအခန်းဏ္ဍမှ ပါဝင်နေသည့်အတွက် ငါးသယံဇာတများအား မပြုန်းတီးစေဘဲ ထိန်းသိမ်းဆောင်ရွက်ကြရန်နှင့် ငါးသယံဇာတ များ မပြုန်းတီးစေရေး လိုက်နာဆောင်ရွက်ကြရမည့်အချက်များအား အသိပညာပေး ပြောကြား ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲသို့ မြို့အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊မြို့မိမြို့ဖများ၊ကမ်းဝေး/ကမ်းနီး ရေလုပ်ငန်းရှင်များ၊ရေလုပ်သားများနှင့် စိတ်ပါဝင်စားသူ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပြီး ကျုံကူးကျေးရွာ၊ ရဲခေါင်ကြီးကျေးရွာနှင့် ရေကျော်အနောက်ကျေးရွာတို့တွင်ကျေးရွာအလိုက် ငါးသယံဇာတထိန်းသိမ်းရေးအဖွဲ့ (၃)ဖွဲ့ ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။
လှိုင်မျိုးအောင် (ဟိုင်းကြီးကျွန်း ပြန်/ဆက်)