ငပုတော ဇူလိုင် ၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင်(၂) ဦးသန်းဦးနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်း က ကြာကွင်းကျေးရွာအုပ်စု ကြာကွင်းကျေးရွာရှိ မန်းမြင့်သိန်းထွန်းနေအိမ်တွင် ပီလောပီနံ စိုက်ပျိုးမည့် တောင်သူများကို တွေ့ဆုံကာ အရည်အသွေး မြင့်မားပြီး အထွက်နှုန်းကောင်းသော မျိုးကောင်းမျိုးသန့်များကို စိုက်ပျိုးနိုင်ရေးနှင့် သီးနှံပင်များ ပျက်စီးဆုံးရှုံးမှုများ မရှိစေရေး အထူးအလေးထား ဂရုပြုစိုက်ပျိုးရန် မှာကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် အားကာကျေးရွာအုပ်စု၊ အားကာကျေးရွာ အလျား ၆၀ ပေ၊ အနံ ၃၀ ပေ RCC တစ်ထပ် မူလတန်းကျောင်းဆောင်သစ် ဆောက်လုပ်ပြီးစီးမှုအခြေအနေအား ကြည့်ရှုစစ်ဆေးကာ အဆိုပါကျောင်းရှိ ဆရာ၊ ဆရာမများ ဝန်ထမ်းများနှင့် တွေ့ဆုံကာ အဆောက်အဦအား ရေရှည်တည့်တံ့စေရေး အထူးအလေးထား ဆောင်ရွက်ရန်နှင့် သောက်သုံးရေလုံလောက်စွာ ရရှိရေး၊ ခြင်အန္တရာယ်ကင်းဝေးစေရေး မှာကြား ခဲ့ပြီး လိုအပ်ချက်များ တင်ပြလာမှုအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ သည်။ နေ့လယ်ပိုင်းတွင် ငပုတောမြို့ ရွှေမြကွင်းကျေးရွာရှိ တောင်သူ ဦးလှတင်၏ စိုက်ပျိုးခင်း နှင့် ဝက်မွေးမြူထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
အောင်သူ (ပြန်/ဆက်)