ဖြူး ဇူလိုင် ၆
ပဲခူးတိုင်းဒေသကြီး၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏လမ်းညွှန်မှုဖြင့် ဖြူးမြို့နယ် တိုင်းရင်းဆေးကုဌာနနှင့် ဖြူးမြို့နယ် (၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံတို့ပူးပေါင်း၍ တိုင်းရင်းဆေးပညာဖြင့် ကျေးလက်ဒေသများထိပါ အသိပညာပေးဟောပြောခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများကို ဆောင်ရွက်ပေးနေလျက်ရှိရာ ယမန်နေ့နံနက် (၁၀)နာရီအချိန်က ဖြူးမြို့နယ် သပြေသာကျေးရွာရှိ မိဘမဲ့ကလေးကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဖြူးမြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝင်းဝင်းအေးနှင့် ဖြူးမြို့နယ် (၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဆရာမများသည် မိဘမဲ့ ကလေးကျောင်းရှိ ကလေးများအား ကျန်းမာရေးအသိပညာပေးခြင်းများကို ဆောင်ရွက်ပေး ကြသည်။ ဆက်လက်၍ ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် ကျား(၂၃)ဦး၊ မ(၃၅)ဦး စုစုပေါင်း (၅၈)ဦးအား မိုးရာသီတွင် အဓိကဖြစ်ပွားတတ်သော အစာမကြေခြင်း၊ နှာစေးချောင်းဆိုးခြင်း၊ သဲဝဲစားခြင်းနှင့် အရေပြားရောဂါများကို ကုသပေးခြင်း၊ ဆေးပေးခြင်းများကို ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)