ဖျာပုံမြို့၌ ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးရာသီတွင် ဘေးကြားတောင်ပျံခေါင်နှံစနစ်ဖြင့် ပျိုးထောင်ခြင်း ကွင်းသရုပ်ပြပွဲပြုလုပ်

ဖျာပုံ ဇူလိုင် ၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်ကိုး အိမ်တန်းကျေးရွာအုပ်စု၊ နောင်တော်ကြီးကျေးရွာ၊ ကွင်းအမှတ် (၄၉၉) A၊ ဦးပိုင်အမှတ် (၁/၁)၊ တောင်သူ ဦးဇော်လှိုင်ထွန်း၏ လယ်မြေ (၂)ဧကပေါ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးရာသီတွင် ဘေးကြားတောင်ပျံခေါင်နှံစနစ်ဖြင့် ပျိုးပွား၊ ပျိုးသန့် ထုတ်လုပ်နိုင်ရေး ကွင်းဆင်းသရုပ်ပြခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အဆိုပါ ကျေးရွာတွင် ပြုလုပ်ကြသည်။

အဆိုပါ ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးရာသီတွင် ဘေးကြားတောင်ပျံ ခေါင်နှံစနစ်ဖြင့် ပျိုးထောင်ခြင်း ကွင်းသရုပ်ပြရာတွင် ဖျာပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲလင်းဦး၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ဥမ္မာအေးနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံတောင်သူများ တက်ရောက်ကြပြီး မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဥမ္မာအေးက "ဘေးကြား တောင်ပျံခေါင်နှံစနစ်ဖြင့် ပျိုးထောင်မျိုးသန့်ထုတ်ရခြင်းမှာ စိုက်ပျိုးရာသီတစ်ခုအတွင်း (၀.၁၂) ဧက စိုက်ပျိုးခြင်းမှ လာမည့်ရာသီအတွက် စိုက်ဧက (၄)ဧကကို မျိုးကောင်း၊ မျိုးသန့် ရရှိစေနိုင်ခြင်း၊ ထွက်ရှိလာမည့် စပါးအရည်အသွေး ပိုမိုကောင်းမွန် သည့် မျိုးကောင်း၊ မျိုးသန့်ရရှိခြင်း၊ တစ်ဧကစပါးအထွက်နှုန်းကို (၁၀) ရာခိုင်နှုန်းအထိ တိုးစေခြင်း တောင်သူလယ်သမား များ၏ ဝင်ငွေတိုးတက်စေခြင်း၊ အလေ့ အကျင့်ရလာသည်နှင့် အမျှ စပါးစိုက်ခင်းအားလုံး မျိုးကောင်း၊ မျိုးသန့်များဖြင့် ထာဝစဥ် ဖုံးလွှမ်းနေမည်ဖြစ်ကြောင်း" ပြောသည်။ ဖျာပုံမြို့နယ်အနေဖြင့် ၂၀၂၃-၂၀၂၄ ခုနှစ်အတွင်း မိုးစပါးစိုက်ဧက (၂၁၀၅၅၆)ဧက စိုက်ပျိုးနိုင်​ရေး လျာထားဆောင်ရွက်လျက်ရှိကြောင်း ဖျာပုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)