ပဲခူးမြို့၊ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်းနှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများအား လာရောက်ရှင်းလင်း

ပဲခူး ဇူလိုင် ၅ 

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် စီမံကိန်းများဆက်လက်ဆောင်ရွက်နိုင်ရေး လုပ်ငန်းဆိုင်ရာအချက်အလက်များအား လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ လာရောက်ရှင်းလင်း တင်ပြခဲ့သည်။

ရှေးဦးစွာ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်မောင်ထွေးက ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်တည်ဆောက်ရခြင်း၏ ရည်ရွယ်ချက်အား မိတ်ဆက်ရှင်းလင်းတင်ပြခဲ့ပြီး လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးဇော်မင်းက ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် စီမံကိန်းဆိုင်ရာအချက်အလက်များ၊ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစီမံချက်များနှင့် လေဆိပ်ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများအား Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခဲ့ သည်။

ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများက ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်ဧရိယာအတွင်း ကျူးကျော်နေထိုင်မှုများအား စနစ်တကျမှတ်တမ်းဓါတ်ပုံများဖြင့် စာရင်းကောက်ယူထားရှိမှုအခြေအနေများနှင့် ခြံစည်းရိုးကာရံရာတွင် နစ်နာခဲ့သည့် သီးနှံများအလိုက် လျော်ကြေးပေးချေခဲ့မှု အခြေအနေများအား ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သည် လေယာဉ်ပြေးလမ်းအလျား၊ အလေးဝန်ခံနိုင်မှုနှင့် တိုးချဲ့ရန်မြေနေရာကန့်သတ်ချက်များရှိပြီး တိုးတက်များပြားလာသော လေကြောင်းခရီးစဉ်များနှင့် ခေတ်မီလေယာဉ်ကြီးများ ဆင်း/တက်နိုင်ရန် လုံလောက်မှုမရှိသဖြင့် ရန်ကုန်မြို့နှင့်နီးပြီး လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်ပို့ဆောင်မှု အဆင်ပြေသည့် ပဲခူးမြို့ရှိ ယခင်ဂျပန် လေယာဉ်ကွင်းအဟောင်းနေရာအား နိုင်ငံတော်အကြီးအကဲများက ၁၉၉၄ ခုနှစ်တွင် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း၊ ပဲခူးမြို့၊ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်သည် နိုင်ငံတော်အတွက် အလွန်အရေးပါသည့် စီမံကိန်းတစ်ခုဖြစ်၍ မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်၏ ဆက်လက်ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။       

ပဲခူးမြို့၊ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးပါက နှစ်စဉ်ခရီးသည် ပထမနှစ်တွင် ခရီးသည်(၈)သန်း၊ ဒုတိယနှစ်တွင် ခရီးသည်(၁၅)သန်း၊ တတိယနှစ်တွင် ခရီးသည်(၂၅)သန်းနှင့် စတုတ္ထနှစ်တွင် ခရီးသည်သန်း(၄၀)အထိ ဝင်/ထွက်သွားလာနိုင်မည်ဖြစ်ပြီး လေဆိပ်အားအမှီပြု၍ ပဲခူးမြို့နယ်တွင် ဟိုတယ်လုပ်ငန်းများ၊ စားသောက်ကုန်လုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ စက်မှု/လက်မှုလုပ်ငန်းများ၊ လေကြောင်းဆိုင်ရာအခွန်လုပ်ငန်းများနှင့် ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ကာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လေဆိပ်နှင့်အဓိက ချိတ်ဆက်မည့် ဝင်/ထွက်လမ်းများအား မြေနေရာသတ်မှတ်ခြင်း၊ လမ်းဖောက်လုပ်ခြင်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးထားပြီးဖြစ်ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)