ပွင့်ဖြူ ဇူလိုင် ၅
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ရွာသာကျေးရွာရှိ ဒေသခံကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် သားငါးမွေးမြူထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြစိမ်းရောင်(အသားကဏ္ဍ) မွေးမြူရေးရန်ပုံငွေ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မုန်းသီတာခန်းမတွင် ကျင်းပသည်။
အဆိုပါမြစိမ်းရောင်(အသားကဏ္ဍ) မွေးမြူရေးရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲတွင် မြို့နယ်မြစိမ်းရောင်(အသားကဏ္ဍ) ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်က ဒေသခံကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးစေရန်နှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် နိုင်ငံတော်အစိုးရမှ မြစိမ်းရောင်(အသားကဏ္ဍ)မွေးမြူရေးရန်ပုံငွေများကို ထုတ်ချေးပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်းဖြစ်၍ စီမံကိန်းလုပ်ငန်းအား စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ထိုသို့ဆောင်ရွက်ရာ၌ မွေးမြူရေးလုပ်ငန်းမှ မိသားစုဝင်ငွေ တိုးတက်ရရှိရေး၊ စားနပ်ရိက္ခာဖူလုံ၍ နှစ်စဉ် တစ်ဦးချင်း အသား ၊ နို့ ၊ ဥ စားသုံးမှု တိုးတက်လာစေရေး၊ ဘဏ္ဍာငွေအရင်းအမြစ် စဉ်ဆက်မပြတ် ရရှိပြီး ကျေးရွာလည်ပတ်ရန်ပုံငွေ ထူထောင်ရေး၊ ကျေးရွာလည်ပတ်ရန်ပုံငွေစနစ်တွင် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ၏ သဘောတူ ဆုံးဖြတ်ချက်ဖြင့် သတ်မှတ်အတိုးငွေ ထည့်ဝင်ပြီး တိုးပွားလာသော အတိုးငွေ၏ အချို့ကို မွေးမြူရေးကို အခြေခံသည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရေးစသည့် စီမံကိန်း၏ မူဘောင်များ အတိုင်း အောင်မြင်တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း ဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာဝေလွင်ဦးက ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ်၊ နိုင်ငံတော်ထောက်ပံ့ငွေကျပ် ၃၄ ဒသမ ၂ သန်းဖြင့် ပွင့်ဖြူမြို့နယ် ရွာသာကျေးရွာ မြစိမ်းရောင်(အသားကဏ္ဍ) မွေးမြူရေးရန်ပုံငွေ ပေးအပ်ရခြင်းနှင့် စီမံကိန်းလုပ်ငန်းတွင် လိုက်နာရမည့် အချက်များကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက်တက်ရောက်လာသည့် ဒေသခံပြည်သူများကိုယ်စား ကျေးရွာမြစိမ်းရောင် (အသားကဏ္ဍ) စီမံကိန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်က စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေးနှင့် မိသားစုဝင်ငွေတိုးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ဆွေးနွေးတင်ပြရာ မြို့နယ်မြစိမ်းရောင် (အသားကဏ္ဍ) ကျေးရွာစီမံကိန်းအကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ ရွာသာကျေးရွာမှ ဒေသခံကျေးလက်နေပြည်သူများ ကျေးရွာမြစိမ်းရောင်(အသားကဏ္ဍ)မွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စီမံကိန်းရန်ပုံငွေကျပ် ၃၄ ဒသမ ၂ သန်းအား တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )