လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး Book Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းပြုလုပ်

လိပ်သို ဇူလိုင် ၅

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ စာဖတ်ရှိန်မြှင့်တင်ရေး Book Club အဖွဲ့ဝင်များနှင့် ပူးပေါင်း၍  ကိုယ့်ကိုယ်ကိုယ်ပြဌာန်းခြင်း  စာအုပ်မှစာရေးဆရာ အောင်သင်း၏ “သင်ရောက်သည့် နေရာမှာရပ်နေမည်လား” ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခြင်းကို ယနေ့ နံနက်  ၁၀  နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Cemtre) ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်က စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် စာပေဖတ်ရှုသည့်အလေ့အကျင့်များရရှိစေခြင်း၊ စာပေဖတ်ရှုခြင်းကြောင့် အသိအမြင်ဗဟုသုတတိုးပွားစေခြင်း၊ တစ်ဦးနှင့်တစ်ဦး အတွေးအခေါ်အယူအဆများကို နှီးနှောဖလှယ်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများရရှိနိုင်ကြောင်း၊ မိမိတို့ငယ်စဉ်က စာအုပ်ဆိုင်များတွင် အခကြေးငွေဖြင့်သွားရောက်ငှါးရမ်းဖတ်ရှုရကြောင်း၊ ယခုဆိုလျှင် ပြန်/ဆက်ဦးစီးဌာနမှ ဖွင့်လှစ်ထားသည့် စာကြည့်တိုက်များတွင် စာအုပ်မျိုးစုံရှိသည့်အတွက် မိမိတို့အလွယ်တကူ အခမဲ့ငှါးရမ်းဖတ်ရှုနိုင်သည့်အတွက် စာပေဖတ်ရှုကြဖို့လိုကြောင်းတို့ကို ဆွေးနွေးခဲ့သည်။

ထို့နောက် Book Club အဖွဲ့ဝင် စောနေထက်ဝင်းက “သင်ရောက်သည့်နေရာမှာရပ်နေမည်လား” ခေါင်းစဉ်နှင့်ပတ်သက်၍ “ကျွန်တော်တို့သည် လူ့ဘဝထဲကိုဝင်သည်နှင့် တစ်ပြိုင်နက် ရေထဲသို့ခုန်ဆင်းလိုက်ခြင်းနှင့် ပမာတူသည်၊ လက်မလှုပ်လျှင် ခြေကလှုပ်နေရသည်၊ ခြေမလှုပ်လျှင် လက်ကလှုပ်နေရသည်၊ ခြေကောလက်ပါမလှုပ်လျှင် ရေထဲသို့တိမ်မြုပ်သွားပေတော့မည်၊ ထိုသို့မလှုပ်ရှားလျှင် ရပ်တန့်နေလို့မရသည့် လူ့လောကထဲတွင် တိမ်မြုပ်ပျောက်ကွယ်သွားကာ “သစ်ဆွေးငုတ်” ပမာလမ်းဘေးတွင် ကျန်ရစ်ရပါလိမ့်မည်ဖြစ်ကြောင်းတို့ကိုလည်းကောင်း ဆွေးနွေးခဲ့ရာတက်ရောက်လာသည့် စာပေဝါသနာရှင်များက အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)