ကံမမြို့နယ်၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်

ကံမ ဇူလိုင် ၅

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၊ အမှတ်(၂)ရပ်ကွက်၊ မြို့နယ်ခန်းမ၌ ယနေ့နံနက်(၁၀)နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကိုပြုလုပ်ရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမြင့်လှိုင်နှင့် ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွဲ့ယဉ်ဝင်းနှင့်ဝန်ထမ်းများ၊ ကံမမြို့နယ်အတွင်းမှ တစ်ပိုင်တနိုင် စီးပွားရေးလုပ်ငန်းရှင်များ၊ ကုန်စုံဆိုင်ပိုင်ရှင်များ တက်ရောက်ခဲ့ကြသည်။

အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ကံမမြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်နွဲ့ယဉ်ဝင်းက စားသုံးရန်မသင့်သည့် အစားအစာများအကြောင်း၊ စားသောက်ကုန်များတွင်ပါဝင်ရမည့် ကုန်ညွှန်းအမှတ်အသားများအကြောင်း၊ စားသုံးသူအခွင့်အရေးများအကြောင်းနှင့် စားသုံးသူများအား အကာအကွယ်ပေးသည့် ဥပဒေများအကြောင်း အသိပညာပေးပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများကစားသုံးသူရေးရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)