ပွင့်ဖြူ ဇူလိုင် ၅
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ပြီး သစ်တောဖုံးလွှမ်းမှုပြန်လည်ကောင်းမွန်လာစေရန်၊ ရာသီဥတုပြောင်းလဲမှုများ လျှော့ချနိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင်ဂေဟစနစ်များ မျှတကောင်းမွန်စေရန် အရိပ်ရတမာပင်များ အကောင် အထည်ဖော် စိုက်ပျိုးနိုင်ရေးအတွက် ကျေးရွာနေပြည်သူများထံ တမာပျိုးပင်များပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်သစ်တောဦးစီးဌာန မြို့မပျိုးဥယျာဉ်ခြံ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်တမာစိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်က မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ပြီး သစ်တောဖုံးလွှမ်းမှု ပြန်လည်ကောင်းမွန်စေရန်၊ သစ်တောပြုန်းတီးမှုကြောင့်ကြုံတွေ့ရသည့် ရာသီဥတုပြောင်းလဲမှုများကို လျှော့ချနိုင်ရန်၊ သဘာဝ ပတ်ဝန်းကျင်ဂေဟစနစ်များ မျှတကောင်းမွန်ခြင်းနှင့် ရာသီဥတု အပူဒဏ်ကာကွယ်နိုင်ရန်အတွက် မြို့အဝင်၊အထွက် လမ်းဘေး(ဝဲ၊ယာ)များနှင့် ကျေးရွာချင်းဆက်လမ်းများ၏ လမ်းဘေး(ဝဲ၊ယာ)များတွင် အရိပ်ရတမာပင်များကို အကောင် အထည်ဖော် စိုက်ပျိုးနိုင်ရေး ပျိုးပင်များကိုပေးအပ်ရခြင်း ဖြစ်ကြောင်းနှင့် ရှင်သန်ကြီးထွားအောင် စနစ်တကျစိုက်ပျိုးသွားကြရန် ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ မြို့နယ်သစ်တောဦးစီးမှူး ဦးအောင်မော်က သဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ သစ်တောသစ်ပင်များ စိုက်ပျိုးခြင်းဖြင့် ရရှိခံစားရမည့် အကျိုးကျေးဇူးများ၊ ထင်းလောင်စာလျှော့ချသုံးစွဲရေး ကိစ္စရပ်များနှင့် အရိပ်ရသစ်ပင်များ ရှင်သန်အောင် စိုက်ပျိုးရမည့်နည်းစနစ်များကို အသိပညာပေး ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် မြို့နယ်တမာစိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက တက်ရောက်လာသည့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများထံ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအတွက် အကောင်အထည်ဖော် စိုက်ပျိုးရန် အရိပ်ရတမာပျိုးပင် ၂၅၀၀ အား စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )