ပွင့်ဖြူမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ စီမံခန့်ခွဲမှုနှင့် ငွေစာရင်းထိန်းသိမ်းနည်းသင်တန်း ဖွင့်လှစ်ပို့ချ

ပွင့်ဖြူ ဇူလိုင် ၅

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ယခု ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် တိုးချဲ့အကောင်အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်လုပ်ကိုင်နိုင်ရန် ရည်ရွယ်ဖွင့်လှစ်သည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေစီမံခန့်ခွဲမှုနှင့် ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းကို ယမန်နေ့ နံနက် ၉ နာရီခွဲက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် ဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ဒေသခံကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး မိသားစုဝင်ငွေတိုးပွားစေရန်အတွက် အကောင်အထည်ဖော် ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများနှင့် စပ်လျဉ်းပြီး လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ၊ ရရှိလာမည့် အကျိုးကျေးဇူးများ၊ စီမံကိန်းလုပ်ငန်းများ စနစ်တကျ လုပ်ကိုင်တတ်စေရန် ရန်ပုံငွေစီမံခန့်ခွဲမှုနှင့် ငွေစာရင်းထိန်းသိမ်းနည်းဆိုင်ရာသင်တန်းအား ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်းနှင့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းတွင် ပို့ချသင်ကြားမည့် သင်ခန်းစာများကို ဂရုတစ်စိုက် လေ့လာသင်ယူသွားကြရန် ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများအဖွဲ့က တက်ရောက်လာသည့် သင်တန်းသား၊ သင်တန်းသူများကို မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းနှင့်ပတ်သက်သည့် ရန်ပုံငွေစီမံခန့်ခွဲမှုနည်းစနစ်များနှင့် ငွေစာရင်းထိန်းသိမ်းနည်းဆိုင်ရာများ၊ ကော်မတီဝင်များ တာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် စီမံကိန်းလက်စွဲပါ မူဘောင်နှင့် စည်းကမ်းချက်များကို စာတွေ့၊ လက်တွေ့ စနစ်တကျ ဖွင့်လှစ်သင်ကြားပေးခဲ့ကြသည်။

အဆိုပါ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေစီမံခန့်ခွဲမှုနှင့် ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းကို စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ပွင့်ဖြူမြို့နယ် စံပြကျေးရွာနှင့် နဘဲကုန်းကျေးရွာတို့မှ ကျေးရွာစီမံကိန်းကြီးကြပ်မှု ကော်မတီဝင်များ တက်ရောက်သင်ကြားခဲ့ပြီး သင်တန်းအား နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။  

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ )