တောင်တွင်းကြီး ဇူလိုင် ၅
ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် တောင်တွင်းကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးမိုးမိုးမြင့်က ကလေးအလုပ်သမား၏ အဓိပ္ပာယ်၊ ကလေးအလုပ်သမား ဖြစ်ပွားရသည့် အကြောင်းအရင်း၊ ကလေးအလုပ်သမား၏ အသက်အရွယ်နှင့်အလုပ်ချိန်ကန့်သတ်ချက်၊ ကလေးသူငယ်အခွင့်အရေး ဆိုင်ရာဥပဒေများအကြောင်းကို အကျယ်တဝင့် အသိပညာပေးဟောပြောခဲ့ပြီး ကလေး အလုပ် သမားနှင့်ပတ်သက်သည့် မေးခွန်းများမေးမြန်းရာ ကျောင်းသား၊ ကျောင်းသူလေးများက ပြန်လည်ဖြေကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် မြို့မအခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များနှင့် အသိပညာပေး နံရံကပ်စာ စောင်များကို စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြပြီး မြို့နယ်ြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးလက်ကမ်း စာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အောင်ကို (ဗိဿနိုးမြေ)