ဇီးကုန်းမြို့နယ်၌ ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြော

ဇီးကုန်း ဇူလိုင် ၅

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကျောင်းသားကျောင်းသူများအား ကျန်းမာရေးအသိပညာတိုးပွားစေရန် ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(ဇီးကုန်း)၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အ.ထ.က(ဇီးကုန်း) ကျောင်းအုပ်ဆရာမကြီးဒေါ်ရီရီမြင့်က အမှာစကားပြောကြားသည်။ ထို့နောက် ကျောင်းကျန်းမာရေးဆရာမဒေါ်ဝတ်ရည်ငြိမ်းက သွားကျန်းမာရေးနှင့်ပတ်သက်၍ သွားတိုက်သင့်သည့်အချိန်၊ သွားတိုက်ပုံနည်းစနစ်နှင့် သွားကျန်းမာရေးအတွက်  လိုက်နာဆောင်ရွက်သင့်သည့်အချက်များကို ပြောကြားခဲ့သည်။ ဆက်လက်၍ မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်သန္တာထွေးက အာဟာရအုပ်စု(၃)ခုအကြောင်းနှင့် နေ့စဉ်စားသောက်မှုများတွင် အာဟာရပြည့်ဝစေရေး စားသောက်ပုံနည်းစနစ်များအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ကျန်းမာရေးအဆင့်(၁)ဦးသိန်းလှိုင်က စိတ်ကြွရူးသွပ်ဆေးများအကြောင်းနှင့် ကျောင်းသား ကျောင်းသူများသည် ရှောင်ရှားသင့်သည်များကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ ကျန်းမာရေးအသိပညာပေးဟောပြောပွဲသို့ မြို့နယ်ပညာရေးမှူး ဒေါ်ခင်သင်းရီ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၄၅၀)ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

တင့်ဆွေ(ပြန်ဆက်)