မိုးညိုမြို့၌ ၂၀၂၃ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

မိုးညို  ဇူလိုင်  ၅

၂၀၂၃ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ မိုးညို - မင်းလှသွားကားလမ်း မိုင်တိုင်အမှတ် ၁၆ မိုင် ၃ ဖာလုံအနီး၌ ယနေ့နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

 ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသိဒ္ဓိနှင့် အဖွဲ့ဝင်များထံသို့ မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးဇော်လွင်၊ ဦးမိုးလွင်နှင့်အဖွဲ့ဝင်များက စိုက်ပျိုးမည့်ပျိုးပင်များအားပေးအပ်ခဲ့သည်။ ထို့နောက်သစ်ပင်စိုက်ပွဲတော်သို့ တက်ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များနှင့် ရပ်ကွက်နေပြည်သူများ အင်အား ၁၅၀ ဦးခန့်က ကျွန်းပင်(၅၀၀)ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

သစ်တောဦးစီးဌာနအနေဖြင့် သစ်တောဂေဟစနစ်ဖွံ့ဖြိုးတိုးတက်စေရန်၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေလာစေရန်၊ ရာသီဥတုပြောင်းလဲမှုကိုထိန်းညှိရန်၊ သစ်တောပြုန်းတီးမှုမဖြစ်ပေါ် စေရန်နှင့်ကာကွယ်ထိန်းသိမ်းနိုင်စေရန်၊ ဒေသအပူချိန်လျော့ချနိုင်စေရန်နှင့် ဂေဟစနစ်ပြုပြင် ထိန်းသိမ်းဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ သစ်တောသစ်ပင်များထိန်းသိမ်းခြင်း၊ သစ်တော စိုက်ခင်းများထူထောင်ခြင်း စသည့်လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ကိုမင်း(ပြန်/ဆက်)