ထားဝယ်တက္ကသိုလ်၌ကျန်းမာရေးအသိပညာပေးဟောပြောပွဲကျင်းပ

ထားဝယ် ဇူလိုင် ၅

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ထားဝယ်တက္ကသိုလ်၊ ကြက်ခြေနီအသင်းခွဲ၊ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

ဟောပြောပွဲတွင် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာ အောင်ငွေစံက ထားဝယ်တက္ကသိုလ်၌ ကျန်းမာရေး အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ပေးသည့်အတွက် ကျေးဇူးတင်ရှိကြောင်း၊  တက်ရောက်လာသောဆရာ/မများ၊ ကျောင်းသား/သူများ ကျန်းမာရေးဆိုင်ရာ အသိပညာများကို စိတ်ပါဝင်စားစွာ နားထောင်ပြီး သူငယ်ချင်းအပေါင်းအသင်း၊ မိဘဆွေမျိုးများနှင့် မိမိပတ်ဝန်းကျင်ထံသို့ မျှဝေပေးရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ထားဝယ်တက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာ သန်းသန်းဦးက ကျောင်းသား/သူများအနေဖြင့် ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်မှ ကျောင်းသားလူငယ်များ သည် နောင်ဝယ်လူကြီးဖြစ်ကြောင်း၊ တက္ကသိုလ်ဆိုသည်မှာ ကာယ၊ ဉာဏ၊ စာရိတ္တဖြင့် ဘက်စုံဖွံ့ဖြိုးတိုးတက်သော လူ့စွမ်းအားအရင်းအမြစ် ပျိုးထောင်ပေး သော နေရာဒေသဖြစ်ကြောင်း၊ ကျန်းမာရေးအသိပညာသည် အသက်ကြီး/ငယ်မရွေး အားလုံးနှင့် သက်ဆိုင်သော အရာဖြစ်ကြောင်း၊ အသိပညာပေး ဟောပြော ပွဲသည် ဗဟုသုတရရှိပြီး သိသင့်သိထိုက် သည်များကို လေ့လာမှတ်သားစေလိုကြောင်းနှင့် စိတ်ပါဝင်စားစွာ နားထောင်စေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ထားဝယ်ပြည်သူ့ဆေးရုံကြီးမှ တာဝန်ရှိသူများက ကျန်းမာရေးဆိုင်ရာများ အသိပညာပေး ဟောပြောခဲ့ကြပြီး ထားဝယ်တက္ကသိုလ်၊ ကြက်ခြေနီ အသင်းခွဲဥက္ကဋ္ဌ ဒေါက်တာ ညိုညိုက အသိပညာပေး ဟောပြောသူများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)