မုံရွာ ဇူလိူင် ၅
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးစွမ်းအားမြှင့်တင်ရေး ညှိနှိုင်းအစည်းအဝေးကို ဇူလိူင်လ ၃ ရက်နေ့ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင် ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတော်အနေဖြင့် တိုင်းပြည်သာယာဝပြောရေး၊ စားရေရိက္ခာ ဖူလုံရေး၊ ပြည်သူတို့၏ လူမူစီးပွားဘဝလုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝှမ်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန် အလေးအနက်ထား လုပ်ဆောင်နေပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးကုန်ထုတ်လုပ်မှုလုပ်ငန်းများအား တာဝန်ယူဆောင်ရွက်နေကြသည့် ဌာနဆိုင်ရာများအနေဖြင့် မိမိတို့ဆောင်ရွက်နေသည့် လုပ်ငန်းများအပေါ် တာဝန်ကျေပွန် အောင်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ခရိုင်/မြို့နယ်များမှ တာဝန်ရှိသူများမှလည်း မိမိတို့ဒေသများအလိုက် ပြည်သူများစားရေရိက္ခာ ဖူလုံစေရန် ကုန်ထုတ်လုပ်မှုလုပ်ငန်းများအား စနစ်တကျ စီမံဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊
တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးကဏ္ဍအနေဖြင့် လျာထားစိုက်ဧကပြည့်အောင် စိုက်ပျိုးခြင်း၊ သီးထပ်သီးညှပ် စိုက်ပျိုးခြင်းအပြင် ပန်းတိုင်အထွက်ရရှိစေရေးကိုလည်း အလေးထားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအား အောင်မြင်ဖြစ်ထွန်းစွာ ဆောင်ရွက်နိုင်သည့် ရေမြေသယံဇာတများ ပေါများစွာရှိပြီး လုပ်ကိုင်ဆောင်ရွက်နိုင်သည့် လူသားအရင်းအမြစ်များလည်းရှိပါကြောင်း၊ အစည်းအဝေးသို့ တက်ရောက်လာသူများအနေဖြင့် မိမိတို့တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းများအောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် အခြေအနေအရပ်ရပ်အား ပြည့်စုံစွာ တင်ပြဆွေးနွေးသွားကြရန် လိုအပ်ပါကြောင်း၊
မွေးမြူရေးထုတ်ကုန်များအား အရေအတွက်များများ ထုတ်လုပ်နိုင်မှသာ များများရောင်းချနိုင်မည်ဖြစ်ပြီး ဝယ်လိုအားနှင့် ရောင်းလိုအား မျှတခြင်းဖြင့် ဈေးနှုန်းသက်သာအောင် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ တာဝန်ရှိသူများအနေဖြင့်လည်း တိုင်းဒေသကြီးအတွင်း စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများ အောင်မြင်တိုးတက်အောင် အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်များ၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် မိမိတို့ခရိုင်များအတွင်းရှိ မြို့နယ်များ၏ စိုက်ပျိုးရေးနှင့် မွေးမြူရေးစွမ်းအား မြှင့်တင်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍လည်းကောင်း မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက မြို့နယ်များ၏ စိုက်ပျိုးရေးနှင့်မွေးမြူရေး၊ ထုတ်ကုန်များတိုးမြှင့်ထုတ်လုပ်မည့် အခြေအနေများနှင့် ပတ်သက်၍ အသီးသီးရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက မိမိတို့ဌာနများအလိုက် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များ၏ စိုက်ပျိုးရေးနှင့် မွေးမြူရေးစွမ်းအား မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့် ပတ်သက်၍ Power Point ဖြင့် အသီးသီး ရှင်းလင်းဆွေးနွေး တင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေး၊ ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်မည့် အခြေအနေများနှင့် ပတ်သက်၍ အထွေထွေဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အသီးသီးအကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ် စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။
တိုင်းဒေသကြီး(ပြန်/ဆက်)