လိပ်သိုဒေသတွင် နာနတ်သီးများ ဈေးကောင်းရရှိ

လိပ်သို ဇူလိုင်  ၅

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသတွင် နာနတ်သီးများ ထွက်ရှိချိန် ဈေးကောင်းရရှိပြီး ခူးဆွတ်ရောင်းချနေရကြောင်း ဒေသခံများ၏ ပြောပြချက် အရသိရသည်။

လိပ်သိုမြို့တွင် နာနတ်သီးများကို ယခုလပိုင်းတွင် စတင်ခူးဆွတ်ပြီး အသီးအရွယ်အစားအလိုက် တစ်လုံးလျှင် (၅၀၀/-) ကျပ်မှ (၁၀၀၀/-) ကျပ်နှုန်းဖြင့် ရောင်းချနေကြောင်း သိရသည်။

 “လိပ်သိုမြို့မှာတော့ နာနတ်သီးပင်များကို သီးသန့်စီးပွားဖြစ် ကျယ်ကျယ် ပြန့်ပြန့် စိုက်ပျိုးထားတာတော့ မရှိဘူး။ မိသားစုတစ်နိုင်တစ်ပိုင် အပိုဝင်ငွေရရှိဖို့အတွက်  ဥယျာဉ်ခြံတွေမှာ ကြားညှပ်ပြီး မြေအောက်ရေအစိုဓာတ်နဲ့ စိုက်ပျိုးထားတာများတယ်” ဟု နာနတ်သီး စိုက်ပျိုးသူတစ်ဦးက ပြောသည်။

လိပ်သိုမြို့နှင့်အနီးပတ်ဝန်းကျင်ကျေးရွာများသည် အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် ဥယျာဉ်ခြံများကို အဓိကထားပြီးစိုက်ပျိုးလုပ်ကိုင်ကြသလို မိသားစု အပိုဝင်ငွေရရှိရေးအတွက် မြေအောက်ရေဖြင့် အခြားသီးနှံစားပင်များကိုပါ စိုက်ပျိုး လုပ်ကိုင်နေရသော ဒေသမြို့လေး တစ်ခုဖြစ်ကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)